8 November 2022

ကောလင်းမှာ ၇ တန်းကျောင်းသားအပါအဝင် ၁၃ ဦး မီးရှို့အသတ်ခံရ

သတင်း - ချယ်ရီ၊ စာတည်း - လင်း 

နိုဝင်ဘာ ၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာမှာ ၇ တန်းကျောင်သားအပါအဝင် ၁၄ ဦး ဖမ်းဆီးခံရပြီးနောက် ၁၃ ဦးမှာ မီးရှို့သတ်ခံခဲ့ရကာ ၁ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက တဆင့်သိရပါတယ်။

‌နိုဝင်ဘာလ ၅ ရက်ညနေပိုင်းက ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာကထွက်လာတဲ့ တပ်မ ၃၃နဲ့ တပ်မ ၉၉ စစ်ကြောင်းကနေ ဇီးကနားရွာသား ၂ ဦးနဲ့ လျှော်ဖြူကုန်းရွာက မိသားစု ၂ စုကို ဖမ်းဆီးသွားတာဖြစ်သလို သူတို့ဟာ  ၂ ရက်ခွဲပြီး အသတ်ခံခဲ့ရတာလို့ သိရပါတယ်။ 

“အဖမ်းခံရတာက ၁၄ ယောက်ကို အလောင်းပြန်တွေ့တာက ၁၃ ယောက်။ အကုန်အသတ်ခံလိုက်ရပြီလို့ ရွာခံက သတင်းပို့လာတာပါ။ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ ၂ ရက်ခွဲသတ်တယ်ပဲ ပြောပါတယ်ဗျ။ ကာယကံရှင်မိသားစုတွေက လက်မခံနိုင်သေးဘူး။ အထူးသဖြင့် မောင်ဝင်းသူ ၁၄ နှစ် ၇ တန်းကျောင်းသားရဲ့အမေပေါ့"လို့ ကောလင်းဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အသတ်ခံသူတွေဟာ လျှော်ဖြူကုန်းရွာသားတွေဖြစ်တဲ့ ဦးမြင့်ဦး၊ သားဖြစ်သူ ကိုအောင်စိုး၊ သားမက်ဖြစ်သူ ကိုမောင်ချို၊ အကိုဖြစ်သူ ဦးကျော်မြင့်ထွန်း၊ ညီဖြစ်သူ မောင်စိုးစိုးစံနဲ့ ဦးဇော်ဇော်၊ သားဖြစ်သူ မောင်ဝင်းဝင်းသူ (၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား) နဲ့ အိမ်အနီးဝန်းကျင်က မောင်မျိုးမျိုးအောင်၊ ကိုစိုးဝင်း၊ ကိုဝင်းဝင်းထွန်း၊ ကိုဇော်မင်းစိုး၊ ကိုကျော်စိုး၊ ကိုညီညီနဲ့ ဇီးကနားရွာက ကိုထွန်းဦးတို့ဖြစ်ပြီး သူတို့တွေဟာ သာမာန်ရွာသားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ရွာသားတွေကို ကိုးတောင်ဘို့ကျေးရွာထဲမှာပဲ စစ်သားတွေက သတ်ခဲ့တာဖြစ်ပြီး၊ ရွာခံတွေရဲ့သတင်းပေးချက်အရ အသတ်မခံရခင် နိုဝင်ဘာလ ၅ ရက်နဲ့ ၆ ရက်မနက်ပိုင်းတွေမှာ နေပူလှန်းခံရပြီး၊ ညဘက်တွေမှာ ၂ ရက်ခွဲကာ ဒီဇယ်နဲ့လောင်းပြီး မီးရှို့အသတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အခုပျောက်ဆုံးနေသူမှာ ဇီးကနားရွာသား တဦးလို့သိရပြီး၊ ဘယ်သူဘယ်ဝါလဲဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

သေဆုံးအလောင်းတွေကတော့ ကိုးတောင်ဘို့ရွာထဲမှာရှိနေပြီး ကိုးတောင်ဘို့အထိုင်စခန်းမှာတော့  စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၈၀ ကျော်လောက်ရှိတယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

No comments:

Post a Comment