8 November 2022

ကျောက်မဲမြို့ ခရိုင်ရဲရုံး လက်လုပ်ဗုံးပစ်ခံရ


နိုဝင်ဘာ ၈ရက် 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ခရိုင်ရဲရုံးတွင် ယနေ့ (နိုဝင်လဘာ ၈)ရက် မွန်းလွဲ ၃နာရီကျော်၌ အမည်မသိ လူ၂နှစ်ဦးမှ လက်လုပ်ဗုံးဖြင့် လာရောက်ပစ်သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့ (နိုဝင်ဘာ ၈)ရက် မွန်းလွဲ ၃နာရီကျော်တွင် ဆိုင်ကယ်တစ်စီးဖြင့် လူ၂ဦးက ရောက်လာပြီး ကျောက်မဲမြို့ ခရိုင်ရဲရုံးကို လက်လုပ်ဗုံးဖြင့်လာပစ်သွားကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

" ဒီနေ့ မွန်းလွဲ ၃နာရီ ၁၅မိနစ်လောက်မှာ ဆိုင်ကယ် တစ်စီးနဲ့လူ ၂ယောက် စီးလာပြီး လက်လုပ်ဗုံးနဲ့ပစ်သွားတာ။ လူထိခိုက်မှုတော့ မသိရသေးဘူး" ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို လက်လုပ်ဗုံးပစ်ပြီးနောက် ကျောက်မဲခရိုင်ရဲရုံးဘက်မှ သေနတ်ဖြင့် ပစ်ခတ်သည့်သံလည်း ကြားရကြောင်း၊ လက်ရှိမှာ ကျောက်မဲမြို့ အဝင်၊အထွက်လည်း စစ်ဆေးရေး တင်းကြပ်နေကြောင်း ကျောက်မဲမြို့ ဒေသခံ အသက် ၄၀ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

" လက်လုပ်ဗုံးပစ်ခံရပြီးနောက်မှာပဲ သေနတ်သံတွေလည်းကြားရတယ်။ မြို့အဝင်၊အထွက်မှာလည်း စစ်ဆေးရေး တင်းကြပ်နေတယ်"လို့ ၎င်းအမျိုးသမီးက ဆိုသည်။

ယခုနှစ် အောက်တိုဘာ ၅ရက် ည ၉နာရီတွင်လည်း ကျောက်မဲမြို့ ခရိုင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အဦးပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့သည် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသော ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊သျှမ်းပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် စစ်ကောင်စီ တပ်ဖွဲ့ လှုပ်ရှားသည့်နယ်မြေဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစု အစိုးရရုံးတွင် ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။


SHAN News (Burmese Version) 


No comments:

Post a Comment