အိုင်စီစီကနေ နုတ်ထွက်ကြောင်း တရားဝင်စာ ကုလထံ ဖိလစ်ပိုင် ပေးပို့


ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း တရားဝင် အကြောင်းကြားစာကို ကုလသမဂ္ဂအဖွဲ့ကြီးထံ ပေးပို့လိုက်ပြီလို့ ဖိလစ်ပိုင်အစိုးရက ဒီကနေ့ ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်မှာဖြစ်ကြောင်း လွန်ခဲ့တဲ့နှစ်ရက်က ပြောကြားခဲ့တာပါ။ သူ့ရဲ့ မူးယစ်ဆေးဝါး စစ်ဆင်ရေးကာလအတွင်း လူတွေအမြောက်အများ သေဆုံးခဲ့ရတဲ့အပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးက လွန်ခဲ့တဲ့နှစ်ကစလို့ ကနဦးစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်လာတဲ့လုပ်ရပ်ကို မကျေနပ်တဲ့အတွက် အခုလို နုတ်ထွက်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း သေဆုံးသူ ၄ ထောင်လောက်ရှိခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောထားပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီထက် ၃ ဆမကရှိနိုင်ကြောင်း၊ အာဏာပိုင်တွေဟာ သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးက နုတ်ထွက်ဖို့ ဆုံးဖြတ်ရတာဟာ လူ့အခွင့်အရေးကို လက်နက်သဖွယ် အသုံးပြုပြီး၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေကို ဆန့်ကျင်တဲ့ ဖိလစ်ပိုင်အစိုးရရဲ့ ရပ်တည်ချက်မူဝါဒကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ထံ ပေးပို့လိုက်တဲ့ နုတ်ထွက်စာထဲမှာ ရေးသားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အိုင်စီစီကနေ နုတ်ထွက်ကြောင်း တရားဝင်စာ ကုလထံ ဖိလစ်ပိုင် ပေးပို့ အိုင်စီစီကနေ နုတ်ထွက်ကြောင်း တရားဝင်စာ ကုလထံ ဖိလစ်ပိုင် ပေးပို့ Reviewed by THITHTOOLWIN on 06:08 Rating: 5
Powered by Blogger.