ၾသစေၾတးလ်-အာဆီယံထိပ္သီးညီလာခံ ရခိုင်အရေးဆွေးနွေးမည်


အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နဲ့ သြစတြေးလျ နိုင်ငံတို့ကြား ဒီကနေ့ စတင်လိုက်တဲ့ ၃ ရက်ကြာ ထိပ်သီးညီလာခံအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးမယ့်အကြောင်း သြစတြေးလျ ၀န်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

"စီးပွားရေး၊ မဟာဗျုဟာရေးရာနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးကို ထည့်သွင်းဆွေးနွေးမှာ ဖြစ်သလို၊ မြန်မာအစိုးရရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံရာမှာလည်း ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း"သြစတြေးလျ ၀န်ကြီးချုပ် Malcolm Turnbull က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ တကျော့ပြန် ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့အထိ ဒေသတွင်း ပြဿနာတခုအဖြစ် ကြီးထွားလာနေတာကြောင့် Sydney မြို့က ထိပ်သီးညီလာခံမှာ မြန်မာအစိုးရအပေါ် ဖိအားပေး ပြောဆိုဖို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြတာပါ။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International ကတော့ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြဖို့နဲ့ ထိပ်သီးညီလာခံမှာ မြန်မာအစိုးရအပေါ် ဖိအားပေး ပြောဆိုဖို့ ဒီကနေ့မှာပဲ Sydney ဆိပ်ကမ်းမှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ထိပ်သီးညီလာခံအတွက် ဒေသတွင်းက လူ့အခွင့်အရေး ပြဿနာတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ကိုပါ အာဆီယံအသင်းဝင်တွေအဖြစ် ဖိတ်ကြားခဲ့တဲ့ အတွက်လည်း သြစတြေးလျအစိုးရအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်နေကြတာပါ။ ဒါပေမဲ့လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ကတော့ မြန်မာနိုင်ငံ အပါအ၀င် လူ့အခွင့်အရေး ပြဿနာတွေ ကြုံနေရတဲ့ အာဆီယံ အသင်းဝင် နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံပြီး စည်းရုံးသိမ်းသွင်းတာမျိုးကသာ အကျိုးများနိုင်ကြောင်း ပြောဆိုထားပါတယ်။ ထိပ်သီးညီလာခံအတွက် ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကတော့ ဒီကနေ့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ အကူအညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
သြစတြေးလျ-အာဆီယံထိပ်သီးညီလာခံ ရခိုင်အရေးဆွေးနွေးမည် သြစတြေးလျ-အာဆီယံထိပ်သီးညီလာခံ ရခိုင်အရေးဆွေးနွေးမည် Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.