Trump ရဲ့ ထိုင်ဝမ်မှတ်ချက် အထူးစိုးရိမ်ကြောင်း တရုတ်ထုတ်ပြန်

ရွေးကောက်ခံသမ္မတ Donald Trump ပုံကို တရုတ်နိုင်ငံထုတ် magazine တွင်တွေ့ရစဉ်
တရုတ်အစိုးရဘက်က အလျှော့ပေး လိုက်လျောတာတွေ မလုပ်ဘူးဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တနိုင်ငံထဲ အဖြစ် သတ်မှတ်တဲ့မူဝါဒကို ဆက်ပြီး ထားသင့် မသင့်ဆိုတဲ့အပေါ် ရွေးကောက်ခံသမ္မတ Donald Trump က ပြောတာနဲ့ပတ် သက်ပြီး အထူးစိုးရိမ်တဲ့အကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပြောလိုက်ပါတယ်။

တိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုတဲ့ ဒီမူဝါဒဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အဓိက အခြေခံ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရတဦးက ပြောပါတယ်။ ဒီကိစ္စရဲ့ အထူးအရေးပါမှုကို Trump အစိုးရအဖွဲ့ အနေနဲ့ နားလည်ဖို့လည်း တိုက်တွန်းပါတယ်။

စီးပွားရေးပိုင်း စေ့စပ်ညှိနှိုင်းတာတွေမှာ တိုင်ဝမ်ဆိုင်ရာမူဝါဒကို အသုံးချနိုင်မယ်လို့ ထင်တာဟာ စဉ်းစားဥာဏ်နည်းလွန်းတဲ့ အကြောင်း၊ နိုင်ငံခြားရေးရာကို ဘယ်လိုကိုင်တွယ် လုပ်ဆောင်မယ်ဆိုတာ Trump အနေနဲ့ လေ့လာသင်ယူဖို့ လိုအပ်တဲ့ အကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ရေးထားပါတယ်။

တိုင်ဝမ်ကျွန်းလွတ်လပ်ရေး ဒါမှမဟုတ် စစ်လက်နက်ပစ္စည်းရောင်းတာကို Trump က ထောက်ခံမယ်ဆိုရင်တော့ နိုင်ငံတကာ ရေးရာတွေမှာ တရုတ်အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်စရာ အကြောင်းမရှိတော့သလို အမေရိကန်ကို ဆန့်ကျင်နေသူ တွေကို စစ်ရေးနဲ့ တခြားအထောက်အပံ့တွေ ပေးရနိုင်ခြေရှိတယ်လို့လည်း Global Times သတင်းစာမှာ ရေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Trump ရဲ့ ထိုင်ဝမ်မှတ်ချက် အထူးစိုးရိမ်ကြောင်း တရုတ်ထုတ်ပြန် Trump ရဲ့ ထိုင်ဝမ်မှတ်ချက် အထူးစိုးရိမ်ကြောင်း တရုတ်ထုတ်ပြန် Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.