မြန်မာကျောင်းသား အများအပြား ထိုင်းရေကြီးမှုကြောင့် ပြန်လာရမည်

ထိုင်း တက္ကသိုလ် ကျောင်းသူများ

မဟီဒိုလ် (Mahidol) တက္ကသိုလ်

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် အောက်တိုဘာလ ဒုတိယပတ် အတွင်းက ကျောက်ဖုရား မြစ်ရေကြီးမှုကြောင့် ထိုင်း တက္ကသိုလ်များတွင် တက်ရောက်နေသော မြန်မာကျောင်းသား အများအပြား မြန်မာနိုင်ငံသို့ ပြန်လာရမည် ဖြစ်ကြောင်း AIT တက္ကသိုလ်နှင့် ချူလာလောင်ကွန်း တက္ကသိုလ်တွင် တက်ရောက်နေသော မြန်မာ ကျောင်းသားများထံမှ စုံစမ်း သိရှိရသည်။ အယုဒ္ဓယမှ အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြို့တော် ဘန်ကောက်သို့ မြစ်ရေ ဝင်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ တက္ကသိုလ်များ ပိတ်ထားလိုက်ရပြီး ယင်းတက္ကသိုလ်များတွင် တက်ရောက်နေသည့် မြန်မာကျောင်းသား ရာချီ ပြန်လာရမည် ဖြစ်ကြောင်း ယင်းကျောင်းသားများက ဆိုသည်။ " ရေစကြီးတုန်းက မပိတ်သေးဘူး။ နောက်တော့ နှစ်ရက် စပိတ်တယ်။ ပြီးတော့ တစ်ပတ်ပိတ်မယ် ပြောတယ်။ နောက်ဆုံး ရုတ်ရုတ် ဖြစ်လာတော့ အောက်တိုဘာ လကုန်အထိ ပိတ်မယ် ပြောပြီး အခုတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှ ကျောင်း ပြန်တက်ရမယ် တဲ့။ ဒါလည်း Not sure ပဲ " ဟု AIT တက္ကသိုလ်တွင် သဘာဝ ပတ်ဝန်းကျင် နည်းပညာနှင့် စီမံခန့်ခွဲခြင်း (ETM) ဘာသာရပ် တက်ရောက်နေသူ အသက် ၂၅ နှစ် အရွယ်ရှိ မြန်မာကျောင်းသူ တစ်ဦးက ရှင်းပြသည်။ အဆိုပါ AIT တက္ကသိုလ်တွင် မြန်မာကျောင်းသား သုံးရာကျော် တက်ရောက်နေပြီး ချူလာလောင်ကွန်း တက္ကသိုလ်တွင် မြန်မာ ကျောင်းသားများ တက်ရောက်နေကြောင်း၊ မဟီဒေါ တက္ကသိုလ်နှင့် ရမ်ဆစ် တက္ကသိုလ်များတွင်လည်း မြန်မာ ကျောင်းသား အများအပြား တက်ရောက်နေကြောင်း ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်ရှိ ပညာသင်ဆု ရရှိထားသည့် မြန်မာ ကျောင်းသား အသိုင်းအဝိုင်းထံမှ သိရှိရသည်။ ကျောင်းအများစုမှာ အောက်တိုဘာလ ဒုတိယပတ်မှ စပိတ်ပြီး ဒီဇင်ဘာ လဆန်းပိုင်းတွင် ပြန်ဖွင့်မည် ဖြစ်ကြောင်း ယင်းကျောင်းသားများက ဆိုသည်။ ထိုင်းနိုင်ငံတွင် ဆူခိုထိုင်းဖီကျစ်၊ နခွန်စဝမ်၊ ဦးထိုင်းဌာနီ၊ ချိုင်န၊ ဆင်ဆူရီ၊ အင်ထောင်း၊ အယုဒ္ဓယ၊ လွတ်ဆူရီ၊ ဆလာဘူရီ၊ ဆူဖန်ဘူရီ၊ ပထုံဌာနီ စသည့် မြို့နယ်များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး ယခုလက်ရှိ၌ ဘန်ကောက် မြို့တွင်း ရေလွှမ်းနေပြီ ဖြစ်သည်။ သတင်း---The Voice Weekly
မြန်မာကျောင်းသား အများအပြား ထိုင်းရေကြီးမှုကြောင့် ပြန်လာရမည် မြန်မာကျောင်းသား အများအပြား ထိုင်းရေကြီးမှုကြောင့် ပြန်လာရမည် Reviewed by သစ်ထူးလွင် on 06:03 Rating: 5

No comments:

Powered by Blogger.