8 November 2022

တနင်္သာရီမှာ ၂ ရက်အတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါ ၁၃ ဦးခန့်ထိခိုက်သေဆုံးနိုင်


နိုဝင်ဘာ ၈၊ ၂၀၂၂

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တို့ နိုဝင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၁၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက် မနေ့ကမနက် ၈ နာရီလောက်က ဘန်းလမွတ်ကျေးရွာအနီးမှာ ထုံခါးကျေးရွာဘက်ကနေတက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို မြိတ်ခရိုင် တပ်ရင်း(၂)၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တနင်္သာရီပြောက်ကျားပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်လို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာများနိုင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

"မနေ့က ဘန်းလမွတ်မှာ တိုက်ခိုက်ခံရတဲ့ စကစ အဖွဲ့က ၆ ရက်နေ့က ထုံခါးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အဖွဲ့ပဲ။ ထုံခါးဘက်မှာ အထိနာသွားတော့ နားပြီး နောက်တရက်မှ ထပ်ထွက်လာတာကို စောင့်ပြီးတိုက်တာဖြစ်တယ်။ အဲဒီတိုက်ပွဲမှာ စကစ ဘက်က အများအပြားထိခိုက်သွားပေမယ့် ပူးပေါင်းအဖွဲ့ဘက်က ပြန်ဆုတ်လာခဲ့လို့ သေဆုံးထိခိုက်သေချာ မသိလိုက်ရဘူး။ ၆ ရက်နေ့ ထုံခါးတိုက်ပွဲမှာတော့ စကစ တပ်ရင်းမှူးအပါ သေတဲ့သူများတယ်" လို့ ပြောပါတယ်။

နိုဝင်ဘာလ ၆ ရက်မနက် ၇ နာရီခန့်က သမုတ်ချုံကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လုံခြုံရေးယူပြီး ပြန်လာတဲ့  စစ်ကောင်စီတပ်သားတွေကို  တနင်္သာရီပြောက်ကျား၊ မြိတ်ခရိုင်တပ်ရင်း ၂၊ တနင်္သာရီရိုးမနဲ့ တပ်ပေါင်းစုအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့လည်း အထက်ပါအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဒါ့အပြင် အဲဒီညနေ ၅ နာရီခန့်မှာလည်း ဘုတ်ပြင်းဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၈၀ ခန့်ပါ ကား ၃ စီးကို ထုံခါးကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးတဦးအပါ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

တနင်္သာရီမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တပတ်အတွင်း တိုက်ပွဲ ၇ ကြိမ်ထက်မနည်းဖြစ်ထားကာ စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း သေဆုံးထားတယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

No comments:

Post a Comment