8 November 2022

မြစ်ကြီးနားမီးရထားဝင်းအတွင်းရှိ နေအိမ် ၂၅၀ ခန့်ကို ဖယ်ရှားပေးရန် စစ်ကောင်စီ စာထုတ်

ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

မြစ်ကြီးနား - အောက်တိုဘာ ၈၊ ၂၀၂၂။

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် မီးရထားဝင်းအတွင်း ကျူးကျော်နေအိမ်များဟုဆိုကာ နေအိမ် ၂၅၀ ခန့်ကို ယခုလ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ဖယ်ရှားရန် စစ်ကောင်စီက အကြောင်းကြားစာများ လိုက်လံဝေခဲ့ကြောင်းသိရသည်။

မီးရထားဝန်ထမ်းအိမ်ရာအဖြစ်သတ်မှတ်ထားသော နေအိမ်များနှင့် ဆိုင်ခန်းတွဲများမှာမူ နှင်ထုတ်ရာတွင် မပါဝင်ကြောင်း မီးရထားဝင်းအတွင်း နှစ်ပေါင်း ၂၀ ခန့်နေထိုင်ခဲ့သော မီးရထားဝန်ထမ်းဟောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“လိုင်းခန်းမယူထားတဲ့ ကျူးနယ်မြေမှာတွေ အကုန်ဖယ်ခိုင်းတာ။ ဝန်ထမ်းဟုတ်၊ မဟုတ် ကျူး(ကျူးကျော်)ဆိုရင် အကုန်ဖယ်ပေါ့။ အခုလို ဖြစ်လာမယ်လို့ မထင်ဘူး။ ဝန်ထမ်းမဟုတ်တော့ဘူးဆိုတော့ ဖယ်ခိုင်းတာပေါ့” ဟုပြောသည်။

မီးရထားတာဝန်ရှိသူတစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးခန့်က အောက်တိုဘာ ၂ ရက်နေ့ နေအိမ်မှ ဖယ်ရှားရန် အကြောင်းကြားစာ(နို့တစ်စာ) လိုက်လံပေးဝေခဲ့ခြင်းဖြစ်ပြီး CDM ဝန်ထမ်းများကို အဓိကထားနှင်ထုတ်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ CDM မီးရထားဝန်ထမ်းတစ်ဦးကပြောသည်။

“အခုက CDM တွေကို မောင်းထုတ်ချင်လို့ အခုလိုလုပ်တာ။ ဒါက ပထမဆုံးအကြိမ် စာထုတ်တာပဲ။ စာထုတ်ရင် အင်ဂျင်နီယာမှူးကနေ လာရမှာ အခုက အခွင့်ရအာဏာပိုင်လို့ပဲ ထုတ်ထားတာ တာဝန်ခံရုံးက ထုတ်တာပေါ့။ ကျွန်တော်တို့ကို Project (စီမံကိန်း) ကျပြီး ဒီလိုဒီလိုလုပ်ပေး၊ နေရာဖယ်ပေး အခုဟာက Project က ဘယ်နေမှန်းလည်းမသိ အကုန်လုံးကို ဖျက်၊ ဖျက်ဆိုပြီး ဖျက်ခိုင်းတော့ အကုန်လုံး ဒုက္ခရောက်ပြီပေါ့” ဟုပြောသည်။

မြစ်ကြီးနားဘူတာမှ CDM မီးရထားဝန်ထမ်းများသည် လက်ရှိအချိန်တွင် ကျပန်းအလုပ်နှင့် ပန်းရံလုပ်ငန်းများလုပ်ကိုင်ကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေခြင်းရဖြစ်ပြီး ယခုကဲ့သို့ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် အခက်အခဲများစွာရှိကြောင်း သူကဆက်ပြောသည်။

မီးရထားဝင်းအတွင်း နေအိမ်ဆောက်လုပ်နေထိုင်သူများတွင် CDM နှင့် Non CDM ဝန်ထမ်းအများစု ပါဝင်ပြီး အိမ်မြေနေရာကို ကျူးကျော်နယ်မြေအဖြစ်သတ်မှတ်ကာ ယခုလအတွင်း ထွက်သွားရန် အကြောင်းကြားစာဖြင့် နှင်ထုတ်ခဲ့ကြောင်း မီးရထားဝန်ထမ်းများထံမှသိရသည်။ 

ထို့အပြင် မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ CDM ဝန်ထမ်းများကိုလည်း လွန်ခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က ခုနှစ်ရက်အတွင်း ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားပေးရန် မြန်မာ့မီးရထားတိုင်းတာဝန်ခံရုံးမှ စာထုတ်ပြန်ခဲ့သည်။

မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထားဌာနတွင် ပို့ဆောင်ရေး၊ မြို့ပြအင်ဂျင်နီယာနှင့် စက်မှုဌာနဟုသုံးခုရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစပြီး ဝန်ထမ်းစုစုပေါင်း ၄၄ ဦး CDM ပြုလုပ်ခဲ့ကြသည်။


The 74 Media 

No comments:

Post a Comment