ယူကရိန်းကို ရုရှားကျူးကျော်မှု - ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာ

ယူကရိန်းနယ်စပ်နားချဥ်းကပ်လာတဲ့ စစ်ကြောင်း ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာ

ရုရှား လေထီးတပ်သားတွေဟာ ကိယဗ် မြို့ကနေ ၁၅ - ၂၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ အန်တိုတော့ဗ် လေတပ်စခန်းကို ဒီနေ့ အစောပိုင်းကတည်းက ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

ယူကရိန်းအရန်တပ်ဖွဲ့တွေက အဲဒီကို တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်၊ အနောက် အုပ်စု ထောက်လှမ်းရေးတွေ မှန်းဆထားတဲ့အတိုင်း လျင်လျင်မြန်မြန် ထိုးစစ်ဆင် ခဲ့တာ ဖြစ်ပြီး တချို့နေရာတွေမှာ မှန်းဆထားတာထက်တောင် ပိုပြီး မြန်နေတာ တွေ့ရပါတယ်။

ရုရှား သံချပ်ကာကားတွေကလည်း ဘယ်လာရုစ် တောင်ပိုင်းနယ်စပ်ကနေ ခရိုင်းမီးယား ကျွန်းဆွယ် မြောက်ပိုင်းအထိ တနံတလျားမှာ တော်တော်ကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ရုရှားတပ်တွေ ရဲ့ နောက်တဆင့် ထိုးစစ်က ဘယ်လို ဖြစ်လာနိုင်သလဲ။

အခြေစိုက် စခန်းတခု တည်လိုက်နိုင်ပြီ ဖြစ်တာကြောင့် လေထီးတပ်တွေက ရှေ့ကို တိုးလာတဲ့ ရုရှား သံချပ်ကာ တပ်တွေနဲ့ ချိတ်ဆက်နိုင်တဲ့ အထိ စောင့်ကြဦးမလား ဒါမှမဟုတ် အဲဒီ စခန်းကနေပဲ မြို့တော် ကိယဗ်ကို ထိုးစစ်ဆင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ မကြာခင် အတော်အတွင်းမှာ သူတို့ရဲ့ နောက်ခြေလှမ်းကို တွေ့လာရမယ့် သဘောရှိပါတယ်။
ပျက်ကျနေတဲ့ ရဟတ်ယာဥ်

ကိယဗ်နားမှာ ရုရှား ရဟတ်ယာဥ် ပစ်ချခံရ

ရုရှား စစ်ရဟတ်ယာဥ်တစင်း ကိယဗ်မြို့တော်အနီးက ဟော့စတိုမဲလ် လေဆိပ်အနီးမှ ပျက်ကျနေတဲ့ ဗီဒီယို တခုထွက်လာပြီး ဟုတ်မှန်ကြောင်း ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။ သတင်းရင်းမြစ် ဘယ်က ဆိုတာကတော့ မသိရပါဘူး။

ယူကရိန်း ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလုဇ်ရှနီ က ကိယဗ် ဒေသထဲက လေဆိပ်တွေကို ထိန်းချုပ်ထားနိုင်ဖို့အတွက် ရုရှားတပ်တွေနဲ့ တိုက်ခိုက်နေရတယ်လို့ အတည်ပြုကြောင်း ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

ဟော့စတိုမဲလ် လေဆိပ်ဟာ ယူကရိန်းမှာ အရေးအပါဆုံး နိုင်ငံတကာ ကုန်တင်ကုန်ချ လေဆိပ်တခု ဖြစ်သလို လေတပ်စခန်းတခုလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဥ်ဖြစ်တဲ့ မာရီယာ ရပ်နားရာ လေဆိပ်လည်း ဖြစ်ပါတယ်။

BBC Burmese 
ယူကရိန်းကို ရုရှားကျူးကျော်မှု - ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာ ယူကရိန်းကို ရုရှားကျူးကျော်မှု - ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာ Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.