ကျောက်တော်နဲ့ မြေပုံမြို့တို့က မွတ်ဆလင် ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းနေပြီး နေရာသစ်မှာ နေရာချထား

စစ်တွေဒုက္ခသည်စခန်းတစ်ခု
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနောက်ပိုင်း ဖွင့်လှစ်ထားခဲ့ရတဲ့ ဒုက္ခသည် စခန်းတွေထဲက မြေပုံ မြို့နဲ့ ကျောက်တော်မြို့တို့က မွတ်ဆလင် ဒုက္ခသည် စခန်းနှစ်ခုကို စတင်ပိတ်သိမ်းနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေဟာ နေရပ်ရင်းကို ပြန်ရမှာ မဟုတ်ပဲ အဲဒီ့ ဒုက္ခသည် စခန်းတွေ အနီးတဝိုက်မှာပဲ အစိုးရက အဆောက်အအုံသစ်တွေ ဆောက်လုပ်ပြီး ပြောင်းရွှေ့ခွင့် ပြုနေတာ ဖြစ်ပါတယ်။

အိမ်ထောင်စု ခြောက်ရာကျော် ရှိပြီး စုစုပေါင်း ဒုက္ခသည် သုံးထောင်ကျော်ရှိတဲ့ မြေပုံ ဒုက္ခသည် စခန်းကို ပြီးခဲ့တဲ့ နှစ်လကတည်းက တဖြည်းဖြည်း စတင် ပိတ်သိမ်းနေပြီး အခုဆိုရင် မိသားစု တစ်ရာလောက် အစိုးရက စီစဉ်ပေးထားတဲ့ အိမ်တွေမှာ ပြောင်းရွှေ့နေထိုင်နေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်က ဘီဘီစီကို ပြောပါတယ်။

ဒီစခန်းဟာ အိမ်ထောင်စု များတဲ့အတွက် အိမ်သစ်တွေ ဆောက်ပြီး တဖြည်းဖြည်း အချိန်ယူကာ ပိတ်သိမ်းသွားမယ်လို့လည်း သူက ဆိုပါတယ်။

ကျောက်တော်မြို့က မွတ်ဆလင် ဒုက္ခသည် စခန်းက ဒုက္ခသည် အများစုကတော့ စတင်ပြောင်းရွှေ့နေပြီး ဒီစခန်းကိုလည်း ဇူလိုင်လ အကုန်နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ အောင်သူရိန်က ပြောပါတယ်။

ဒီဒုက္ခသည်တွေဟာ အစိုးရက နေရာချထားပေးတဲ့ နေရာတွေထက် မူလက သူတို့ နေထိုင်ခဲ့ရာ နေရာတွေမှာပဲ ရခိုင်တိုင်းရင်းသားတွေနဲ့အတူ နေထိုင်လိုတယ်လို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ရခိုင်တိုင်းရင်းသားတွေဘက်ကတော့ တချိန်မဟုတ် တချိန် ပြဿနာ တက်လာမှာ စိုးတဲ့အတွက် သီးသီးခြားခြား နေထိုင်လိုတဲ့ သဘောရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာလည်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ အကြံပြုထားပါတယ်။

ဒုက္ခသည်စခန်းတွေဟာ နှစ်ရှည်ကြာနေပြီဖြစ်သလို ဒီစခန်းတွေအတွင်းမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေအတွက် အခြေခံ လိုအပ်ချက်တွေ လုံလောက်စွာ ရဖို့ အစိုးရက ဖန်တီးပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အစိုးရဘက်ကတော့ အခုဆိုရင် လူဦးရေ ၆၀၀၀ ကျော်ရှိတဲ့ စစ်တွေမြို့က သက်ကယ်ပြင် စခန်းနဲ့ ကျောက်ဖြူက ကျောက်တလုံး ဒုက္ခသည် စခန်းတို့ကိုလည်း ပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနဘက်က ပြောပါတယ်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ရှိ လူမှုရေး ဘာသာရေး ပဋိပက္ခဟာ ရမ်းဗြဲမြို့နယ်အတွင်းမှာ ရခိုင်အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ တောင်ကုတ်မြို့မှာ မွတ်ဆလင် ၁၀ ဦး အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေနောက်ပိုင်း စတင်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

အဲဒီ့ ပဋိပက္ခနောက်ပိုင်း စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနဲ့ ကျောက်တော်မြို့တွေမှာ ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာအရ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေမှာ မွတ်ဆလင် ဒုက္ခသည် တစ်သိန်းနှစ်သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ဖြစ်ကတည်းက ဖွင့်လှစ်ထားခဲ့ရတဲ့ ဒုက္ခသည်စခန်းတွေဟာ လက်ရှိမှာ ၆ နှစ်ကျော် ရှိလာပြီ ဖြစ်ပေမယ့်လည်း မူလ နေထိုင်ခဲ့ရာ နေရာတွေကို မပြန်နိုင်သေးဘဲ ဖြစ်နေတာကြောင့် ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကျောက်တော်နဲ့ မြေပုံမြို့တို့က မွတ်ဆလင် ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းနေပြီး နေရာသစ်မှာ နေရာချထား ကျောက်တော်နဲ့ မြေပုံမြို့တို့က မွတ်ဆလင် ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းနေပြီး နေရာသစ်မှာ နေရာချထား Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.