တပ်မအလုံးအရင်း ခေါ်သွင်းပြီး KIO တပ်ရင်း ဌာနချုပ် ဖက်ကို တပ်မတော်က ထိုးစစ်ဆင်နေ

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ပြောခွင့်ရ ဦးလနန်
ပြီးခဲ့တဲ့ ဧပြီလကစပြီး ကချင်ပြည်နယ်မှာတော့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ နေရာအနှံအပြားမှာ ဖြစ်ပွားနေပါတယ်။

အခု ထိုးစစ်ဆင်တဲ့ ဒေသ အားလုံးဟာ ၁၉၉၄ ခုနှစ် လက်မှတ်ထိုးတုန်းက အပစ်ရပ်စဲရေး ကာလမှာ ဖွံ့ဖြိုးရေး ဒေသ စီမံချက် အောက်မှာ သတ်မှတ်ထားတဲ့ ရွာတွေ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က ဦးလနန် က ပြောပါတယ်။

ခု လောလောဆယ် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေဟာ ဧရာဝတီမြစ် အနောက်ဖက် နဲ့ မြောက်ဖက် ခြမ်း ၊ လီဒို လမ်းတလျှောက် တနိုင်း မြို့နယ်ရယ် ၊ မေခ မလိခ မြစ်ဆုံ အထက်ပိုင်း အင်ဂျားယန် မြို့နယ် တဝိုက်မှာ တိုက်ပွဲ အပြင်းထန်ဆုံး ဘဲလို့ သူက ဆိုပါတယ်။

ဒါဟာ ကေအိုင်အို ရဲ့ တပ်ရင်း ဌာနတွေ ၊ တပ်မဟာ ဌာနချုပ်ရုံးတွေ ရှိရာ နေရာတွေ ဖြစ်ပြီး ဒါတွေကို ရှင်းလင်းတဲ့ သဘော ဖြစ်နေတယ်လို့ သူက ရှင်းပြပါတယ်။

အခု တိုက်ပွဲတွေက ကေအိုင်အို ရဲ့ စီးပွားရေး ပိတ်ဆို့ဖို့ လုပ်သလို ဖြစ်နေပေမယ့် အဲလို လုပ်လိုက်ရုံနဲ့ ကေအိုင်အို ရဲ့ စီးပွားရေး ပျက်သွားမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

တိုက်ပွဲ ဆင်နွှဲရာမှာ တပ်မတော်က လက်နက်ကြီး နဲ့ လေယာဉ်တွေကို အဓိကထား ထိုးစစ်ဆင်တာ ဖြစ်ပြီး ဥပမာ တပ်မဟာ ၂ ကို ထိုးစစ်ဆင်တော့မယ် ဆိုရင် ၂ သာမက တပ်မဟာ ၃ တို့ ၊ ဗဟို တို့မှာလည်း လက်နက်ကြီး သုံးကြောင်း ၊ ပထမဆုံး လေယာဉ်နဲ့ ပစ်တာ ဖြစ်ပြီး လေယာဉ်ပျံပြီးမှ လက်နက်ကြီးနဲ့ ပစ် အဲဒီနောက်မှ ခြေလျှင်တပ်က ၀င်တာကြောင့် အဲဒီ ဒေသတွေမှာ တိုက်ပွဲ ပြင်းထန်သွားတာလို့ ထင်ကြောင်း ဦးလနန် က ပြောပါတယ်။

လီဒိုမှာ ၂၀၁၇ ဇူလိုင် သြဂုတ် ကစလို့ ထိုးစစ်ဆင် နေရာမှာ အဓိက က တပ်ရင်း ၁၄ ကို မရ ရအောင် တိုက်ပွဲ ဆင်နေတာ ဖြစ်ပြီး ဧပြီ ၁၁ ရက် နောက်ပိုင်းမှာ ထူးထူးခြားခြား တပ်မတွေ အလုံးအရင်း ခေါ်သွင်းပြီး တပ်ရင်း ဌာနချုပ် ဖက်ကို အင်နဲ့ အားနဲ့ ထိုးစစ်ဆင်တာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ တပ်မတော် ရဲ့ ထိုးစစ် ဆင်မှုတွေက မြေပြန့် ဒေသတွေမှာ ဖြစ်ပြီး အဲဒါကို ကျော်ကာ တောတောင်ထဲ ကျွံဝင်လာရင် တိုက်ပွဲ တွေ ဆိုးရွား နိုင်သလို ပျောက်ကျား စစ်တွေ ပြင်းထန်လာနိုင်တယ်လို့ ဦးလနန် က ပြောပါတယ်။

လတ်တလော တိုက်ပွဲ ဖြစ်ရာ ဒေသတွေမှာ ရွာသားတွေ ပိတ်မိတာထက် ပိတ်ခံရတာဖြစ်ပြီး ကေအိုင်အေ တပ်သားတွေ ရှိရာ နေရာမှာ ဒီပြဿနာ ဘာမှ မရှိဘဲ ဖားကန့် ဒေသဖက် နဲ့ လိုင်နောင်း ဖက်မှာ ရွာသားတွေ ပိတ်ခံရတာ ဖြစ်ကြောင်း ၊ ဒါဟာ တိုက်ပွဲ ဖြစ်တာလည်း မဟုတ်ဘဲနဲ့ စစ်တပ်က ရွာက လူတွေ အပြင်မထွက်အောင် အဆက်အသွယ် ဖြတ်ထားပြီး ထိန်းထားတဲ့ သဘောဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကေအိုင်အို ရဲ့ မဟာမိတ် ဖြစ်တဲ့ မြောက်ပိုင်း အဖွဲ့က အခြေအနေကို စောင့်ကြည့်တဲ့ သဘောရှိပြီး အဲဒီ မြောက်ပိုင်းအဖွဲ့မှာ ပါတဲ့ အဖွဲ့ လေးဖွဲ့လုံး တပ်မတော်ရဲ့ ထိုးစစ်ဆင်နွှဲခံနေရာကြောင့် ကိုယ့်နေရာမှာ ကိုယ် စောင့်ကြည့် နေကြတယ်လို့ ဦးလနန် က ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကေအိုင်အို ရဲ့ သဘောထားကို အစောပိုင်း ကတည်းက ပြောထားပြီး ဖြစ်ကြောင်းနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး ခေါင်းစဉ်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်ခွင့် ရ ရမယ် ၊ ကေအိုင်အို အနေနဲ့ အဲဒီ အပေါ်မှာ ဆက်ရပ်တည်နေကြောင်း ၊ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ထိုးပါ ပြောပေမယ့် စစ်တပ်က လက်မခံ နိုင်တဲ့ အဖွဲ့တွေ ရှိသေးတယ် ၊ အစိုးရကတော့ NCA လက်မှတ် ထိုးပါ ၊ ငြိမ်းချမ်းရေး စားပွဲ လာပါ ၊ ဆိုနေပေမယ့် တပ်မတော်က လက်မခံရင် ဘာမှ လုပ်မရကြောင်း ၊ အခုလို ထိုးစစ်ဆင်နေတာဟာ ကေအိုင်အိုကို အန်စီအေ လက်မှတ်ထိုးဖို့ ဖိအားပေးတာ ဆိုရင် မြန်မာပြည် ငြိမ်းချမ်းရေး မှေးမှိန် သွားမှာဖြစ်ကြောင်း နဲ့ အဲလိုသာ လုပ်တယ် ဆိုရင် လမ်းကြောင်းမှားနေပြီလို့ ဆိုချင်ကြောင်း ဦးလနန် က ရှင်းပြခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
တပ်မအလုံးအရင်း ခေါ်သွင်းပြီး KIO တပ်ရင်း ဌာနချုပ် ဖက်ကို တပ်မတော်က ထိုးစစ်ဆင်နေ တပ်မအလုံးအရင်း ခေါ်သွင်းပြီး KIO တပ်ရင်း ဌာနချုပ် ဖက်ကို တပ်မတော်က ထိုးစစ်ဆင်နေ Reviewed by THITHTOOLWIN on 06:56 Rating: 5
Powered by Blogger.