ပုဗ္ဗသီရိမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁၅၉ ရွက်တွေ့ရှိ


နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ နေမင်းရောင်ခြည်အသင်း(အသေးစား ငွေရေးကြေးရေး လုပ်ငန်း)မှ ချေးငွေထုတ်ချေး ရာတွင် ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁၅၉ ရွက်တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ၁၀၃၀ အချိန် ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ နေမင်း ရောင်ခြည်အသင်း (အသေးစား ငွေရေးကြေးရေးလုပ်ငန်း)မှ ငွေချေးရာတွင် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများပါရှိကြောင်း သတင်းအရ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ဦးစိုးဝင်း၏ နေအိမ်၌ ပျဉ်းမနားမြို့နယ် မင်္ဂလာမီးရထား ရပ်ကွက်ရှိ နေမင်းရောင်ခြည်အသင်း(အသေးစား ငွေရေး ကြေးရေးလုပ်ငန်း)မှ မန်နေဂျာ ဒေါ်ခင်စောယု(၃၈)နှစ်ပါ ၅ ဦး(ကျား ၃၊ မ ၂) တို့အား တွေ့ရှိ၍ မေးမြန်းချက်အရ မတ်လ ၁၃ ရက်နေ့ ၁၃၃၀ အချိန် ဦးစိုးဝင်းနေအိမ်၌ နေမင်းရောင်ခြည်အသင်း (အသေးစားငွေရေးကြေးရေးလုပ်ငန်း)မှ ငွေချေး အရာရှိ ဦးနေလင်းထွန်းနှင့် ဒေါ်အေးမြတ်မိုးတို့က ငွေကြေးအမှန် တကယ်လိုအပ်နေသည့် ကျေးရွာနေ ပြည်သူ ၅၇ ဦးအား ၁ ဦးလျှင် အနည်းဆုံး ၁ သိန်းကျပ်မှ အများဆုံး ၄ သိန်း ခွဲကျပ်အထိ အတိုး ၂.၅ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ ၂၂,၉၈၀,၀၀၀ ကျပ်အား ထုတ်ချေးခဲ့ကြောင်း၊ မတ်လ ၁၄ ရက်နေ့ ၀၆၃၀ အချိန် ဒေါ်ခင်စောယုပါ ၅ ဦးသည် ငွေထပ်မံထုတ်ချေးပေးရန်ရောက်ရှိလာစဉ် မတ်လ ၁၃ ရက်နေ့က ဥယျာဉ်ကျေးရွာနေ မဖြူဖြူဝင်း ပါ၂၇ ဦးတို့ ချေးယူခဲ့သောငွေများတွင် ၁၀,၀၀၀ ကျပ် တန်ငွေစက္ကူ အတု ၁၂၇ ရွက်ပါရှိသဖြင့် ၎င်းတို့ထံ ပြန်လည်လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ဦးနေလင်းထွန်းထံမှ အဆိုပါငွေစက္ကူ အတု ၁၂၇ ရွက်အားသိမ်းဆည်းခဲ့ပါသည်။

၁၂၀၀ အချိန်တွင် ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက် နေမင်းရောင်ခြည်အသင်း(အသေးစား ငွေရေးကြေးရေးလုပ်ငန်း)ရုံးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရှာဖွေရာ ၎င်းကုမ္ပဏီမှ ငွေကိုင် မချစ်စုဝေ (၃၁)နှစ်နှင့် စီမံကိန်းညှိနှိုင်းရေးမှူး မအိဖြူအေး (၂၆)နှစ်တို့ထံမှ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၂ ရွက်နှင့်ရုံးခန်း အပေါ်ထပ်၌ ငွေတုပြုလုပ်ရာတွင်အသုံးပြုသည့် Sharp MX2310F အမျိုးအစားကာလာမိတ္တူစက် ၁ လုံး၊ စက္ကူဖြတ်စက် ၁ ခု၊ A4စက္ကူ ၃၀ ရွက် ထပ်မံတွေ့ရှိသိမ်းဆည်းခဲ့သဖြင့် စစ်မေးရာ နေမင်းရောင်ခြည်အသင်း(အသေးစားငွေရေး ကြေးရေး လုပ်ငန်း)မှငွေများအား ကိုယ်ကျိုးအတွက်သုံးစွဲမိရာမှ ပြန်လည်မပေးအပ်နိုင်သောကြောင့် Sharp MX2310F အမျိုးအစားကာလာမိတ္တူစက်ဖြင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများအား မိတ္တူကူး ယူပြီး ငွေချေး အရာရှိ ဦးနေလင်းထွန်း ထုတ်ယူသော ငွေ ၂၅၀ သိန်းကျပ်ထဲတွင်ရော၍ ထည့်ပေးခဲ့ ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ၁၇၃၀ အချိန်တွင် ငွေစက္ကူအတုပြုလုပ်သူ မချစ်စုဝေနှင့် မအိဖြူအေး (ဖမ်းမိ)တို့အား ကျည်တောင်ကန်နယ်မြေရဲစခန်း(ပ)၂၁/၂၀၁၈ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပါကြောင်း သတင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။

သစ်ထူးလွင်
ပုဗ္ဗသီရိမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁၅၉ ရွက်တွေ့ရှိ ပုဗ္ဗသီရိမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁၅၉ ရွက်တွေ့ရှိ Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.