မြန်မာနိုင်ငံ ဒေသအချို့တွင် နှစ်စဉ်ကထက်ပိုသော မိုးကြိုမိုး ရွာသွန်းမှုများဖြစ်ပေါ်

ELEVEN ဂျာနယ်

Monday, 09 May 2011 09:41
AddThis Social Bookmark Button
63210
မေလ ၆ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ဗဟန်းမြို့နယ်အတွင်းတစ်နေရာ ရေလျှံနေမှုကိုတွေ့ရစဉ်
မြန်မာနိုင်ငံဒေသ အချို့တွင် နှစ်စဉ်ကထက် ပိုသော မိုးကြိုမိုးရွာသွန်းမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရ ရှိပါသည်။
“ဒီမိုးက မုန်တိုင်းမိုးမဟုတ်ပါဘူး။ မိုးကြိုမိုးပါ။ ဒါပေမယ့် မိုးကြိုမိုးရွာတဲ့ပုံစံကတော့ ဒီနှစ်
ဒေသအတော်များများမှာ အရင်ထက် ပိုပါ တယ်။ အခုရွာတာကလည်း တောင်ဘက်က ၀င်လာတဲ့ လေနွေးတွေနဲ့ မြောက်ဘက်ကလာတဲ့ လေအေးတွေ ဆုံပြီး တချို့က ရန်ကုန်၊ ဧရာဝတီ ဘက်ကို ရောက်တယ်။ တချို့ကတော့ ရှမ်းပြည်နယ်ကနေ တရုတ် နယ်စပ်၊ ကိုရီးယားကျွန်းဆွယ်အထိ ရောက်တယ်။ ဒီဖြစ်စဉ်ကြောင့် မိုးရွာတာပါ။ အရင်ကဖြစ်ဖူးသလား ဆိုရင်တော့ ဒီလိုမဖြစ်ဖူးပါဘူး”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ မုတ်သုံရာသီအကြို မိုးကြိုကာလသည် နှစ်စဉ် ဧပြီလလယ်မှ မေလလယ်ဝန်းကျင်အထိ ဖြစ်ပြီး ယင်းကာလတွင် သတိပြုရသော သဘာဝဘေးအန္တရာယ်များ၌ မိုးတိမ်တောင်များကြောင့် ဖြစ်ပေါ်သည့် လေဆင်နှာမောင်းတိုက်ခတ် ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း စသည်တို့ပါဝင်သည်ဟု သိရှိရသည်။
ယခုနှစ် မိုးကြိုကာလအတွင်း မိုးကြိုးပစ်၍ လူသေဆုံးမှုများလည်း ရှိခဲ့ပြီး ၂၀၁၁ ခုနှစ် မေလ ၄ ရက်နေ့ ကလည်း မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ကာနေအိမ်အချို့ ပျက်စီးခဲ့ရသည်။
“မိုးရေချိန်တွေကလည်း ဒီရက်ပိုင်းရွာတာ တော်တော်များပါတယ်။ မန္တလေး၊ မတ္တရာ၊ အမရပူရဘက်ဆို ၂ လက်မကျော်ရှိတယ်။ အဲဒီဘက် က ၁ လက်မခွဲကျော်ရင် များတယ် လို့ပြောလို့ရတယ်။ ဒီနေ့တော့ နည်း သွားပြီ။ ရန်ကုန်၊ ဧရာဝတီဘက်ကတော့ ကျန်နေသေးတယ်။ နောက်နှစ် ရက်လောက်တော့ ရွာဦးမှာပါ။ မအူပင်မှာဆို ဒီနေ့ ၅ လက်မကျော် ရှိပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၆ ရက်နေ့တွင် ပြောကြားသည်။
၂၀၁၁ ခုနှစ် မိုးကြိုကာလ မိုး ရွာသွန်းမှုများသည် ဧပြီလလယ်ပိုင်း တွင် စတင်ခဲ့ပြီး ဒေသအတော်များ များတွင် မိုးကြိုမိုးရရှိမှုကောင်းမွန်ကာ ပုံမှန်ထက်ပိုသော မိုးကြိုမိုးရွာသွန်းမှုများလည်း ရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင်မူ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မိုးကြိုမိုးရွာသွန်းမှု လုံးဝ မရှိခဲ့ဘဲ မြန်မာနိုင်ငံသို့ မုတ်သုံ ၀င်ရောက်မှု နှစ်စဉ်ကထက် နောက်ကျခဲ့သည်။ 
မြန်မာနိုင်ငံ ဒေသအချို့တွင် နှစ်စဉ်ကထက်ပိုသော မိုးကြိုမိုး ရွာသွန်းမှုများဖြစ်ပေါ် မြန်မာနိုင်ငံ ဒေသအချို့တွင် နှစ်စဉ်ကထက်ပိုသော မိုးကြိုမိုး ရွာသွန်းမှုများဖြစ်ပေါ် Reviewed by သစ်ထူးလွင် on 11:38 Rating: 5

No comments:

Powered by Blogger.