PDF ရဲဘော်များ ကျဆုံးခဲ့စဉ် "စစ်တပ်က ပစ်ရင် ဒဲ့ပဲ ပစ်တယ်" ဟု ကြွေးကြော်ခဲ့သူ လောင်းကစားဝိုင်းအပြန်တွင် ပစ်ခတ်ခံရ

အောက်တိုဘာ ၄၊ ၂၀၂၂။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီတံတားဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ရဲဘော်များ ကျဆုံးခဲ့စဉ်က "ပျော်လိုက်တာ၊ ပစ်ရင် ဒဲ့ပဲ ပစ်တယ်" ဟု ကြွေးကြော်ခဲ့သည့် အောင်နိုင်စိုး (ခ) အောင်ရာဇာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပွင့်ဖြူမှ ရဲဘော်များက ပစ်ခတ်ခဲ့သည်ဟု ယနေ့ စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ စက်တင်ဘာ ၃  ရက် ည ၈ နာရီကျော်တွင် PDF ပွင့်ဖြူတပ်ဖွဲ့က ဒေါင်းလေး ဦးဆောင်သည့် ရဲဘော်နှစ်ဦးက ၎င်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လက်ပကန်ရွာ လောင်းကစားဝိုင်းမှ အပြန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပွင့်ဖြူမြို့နယ် ပကဖ တာဝန်ခံ ကိုကျားကြီးက သံလွင်ခက်ကို ပြောသည်။

"လက်ပကန် လောင်းကစားဝိုင်းက အပြန် လက်ပကန်နဲ့ မကြီးရုံရွာ အကြားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာ" ဟု ၎င်းက ဆိုသည်။

ပစ်ခတ်မှုကြောင့် အောင်ရာဇာ၏ ဘယ်နံရိုးဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကာ အာရုံကြော ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရအခြေအနေဖြင့် သေဆုံးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောင်နိုင်စိုး (ခ) အောင်ရာဇာသည် လက်ပနွယ်က ကျောင်းဆရာမ ဒေါ်သီသီအေးကို ဓားမြတိုက်ပြီး သတ်ဖြတ်ခဲ့သူလည်းဖြစ်သလို အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းများကို ဦးဆောင်ပြီး စစ်ကောင်စီတပ်ကို ငွေကြေးရှာဖွေပေးနေသူလည်းဖြစ်သည်။

ထို့ပြင် တော်လှန်ရေးသမားများနှင့် ပြည်သူများကို ဖမ်းဆီးရန် လှုံ့ဆော်ခြင်းနှင့် ဖမ်းဆီးရန် စေခိုင်းခြင်းများ လုပ်ဆောင်နေသူဖြစ်သည်ဟု PDF ပွင့်ဖြူတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်တွင် သရက်ကံမ PDF တပ်ဖွဲ့ဝင်များ လက်နက် အချို့ သယ်ဆောင်လာစဉ် သတင်းပေါက် ကြားခဲ့သည့်အတွက် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်း မဲဇလီကြိုးတံတားအနီး၌ လုံခြုံရေး ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့သည်။


သံလွင်ခက် - Than Lwin Khet News

PDF ရဲဘော်များ ကျဆုံးခဲ့စဉ် "စစ်တပ်က ပစ်ရင် ဒဲ့ပဲ ပစ်တယ်" ဟု ကြွေးကြော်ခဲ့သူ လောင်းကစားဝိုင်းအပြန်တွင် ပစ်ခတ်ခံရ PDF ရဲဘော်များ ကျဆုံးခဲ့စဉ် "စစ်တပ်က ပစ်ရင် ဒဲ့ပဲ ပစ်တယ်" ဟု ကြွေးကြော်ခဲ့သူ လောင်းကစားဝိုင်းအပြန်တွင် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.