တပ်မိသားစု အများဆုံးပိုင်သည့် မင်္ဂလာဒုံစျေးမှဆိုင်ခန်းများ ဖယ်ရှားခိုင်း၍ တပ်​ထောက်ခံသူများ မကျေမနပ်ဖြစ်နေ

ဓာတ်ပုံ - ပေးပို့  / ပုံစာ- မင်္ဂလာဒုံစျေးပတ်လမ်းကဆိုင်ခန်းအချို့

ရန်ကုန်၊ အောက်တိုဘာ ၅ 

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစျေးရုံပြင်ပရှိဆိုင်ခန်းများကို စစ်ကောင်စီက ဖယ်ရှားခိုင်းသည့်အတွက် ယင်းဆိုင်ခန်းများပိုင်ဆိုင်သည့် တပ်မိသားစုနှင့် စစ်တပ်ထောက်ခံသူများ မကျေမနပ်ဖြစ်နေကြကြောင်း မင်္ဂလာဒုံစျေးရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

မင်္ဂလာဒုံစျေးရှိ ဆိုင်ခန်းအများစုကို စစ်တပ် အသိုင်းအဝိုင်းမိသားစုများက ပိုင်ဆိုင်ထားကြပြီး စျေးရုံပြင်ပရှိဆိုင်များအား ၁၅ရက် အတွင်း အပြီးဖျက်သိမ်းရန် စစ်ကောင်စီက အသိပေးထားသည်။ 

"ဆိုင်ခန်းအများစုက တပ်မိသားစုတွေပိုင်တာ။ အရပ်သားတွေ ဖွင့်တဲ့ဆိုင်ဆိုလည်း သူတို့ပြန်ရောင်းခဲ့တာနဲ့၊ သူတို့ဆီက ပြန်ငှားဖွင့်တာတွေလောက်ပဲရှိတာ။ အခုလိုဖယ်ခိုင်းတော့ သူတို့ချင်း မကျေနပ်ကြဘူးပေါ့" ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိဖယ်ရှားခံရသည့် ဆိုင်ခန်းများမှာ မင်္ဂလာဒုံစျေးပတ်လမ်းရှိ ဆိုင်ခန်းအများစုဖြစ်ကာ အခန်းရေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါဆိုင်ခန်းများမှာ ဆယ်စုနှစ်ကျော်ကြာ ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ကာ ယခုမှရုတ်တရက် ဖယ်ရှားခံရခြင်းဖြစ်သည်ဟု ဆိုင်ခန်းပိုင်ရှင် တစ်ဦးကဆိုသည်။

"ပစ္စည်းတွေရွှေခိုင်းတာ။ ဆိုင်ကိုတော့ဒီအတိုင်းထားခဲ့ခိုင်းတယ်။ အခုရွှေ့တဲ့သူတွေလည်းရွှေ့နေကြပြီ။ တချို့ကတော့ ဆက်စောင့်နေကြသေးတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ မင်္ဂလာဒုံစျေးမှာ တပ်စည်ပင်လက်အောက်တွင်ရှိပြီး မင်္ဂလာဒုံတပ်မြို့စည်ပင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးသက်မောင် လက်မှတ်ရေးထိုး၍ ဖယ်ရှားခိုင်းခြင်းဖြစ်သည်။

လက်ရှိဆိုင်ခန်း ၁၀၀ခန့်ကို ဖယ်ရှားရန်စာပို့ထားပြီး ကျန်ဆိုင်ခန်းများနှင့် ယင်းမြို့နယ်ရှိ ဝါယာလက်စျေးမှဆိုင်ခန်းအချို့ကိုလည်း ဖယ်ရှားသွားရန်ရှိသည်ဟုသတင်းထွက်နေကြောင်းလည်း ဒေသခံများကဆိုသည်။


Lu Nge Khit

တပ်မိသားစု အများဆုံးပိုင်သည့် မင်္ဂလာဒုံစျေးမှဆိုင်ခန်းများ ဖယ်ရှားခိုင်း၍ တပ်​ထောက်ခံသူများ မကျေမနပ်ဖြစ်နေ တပ်မိသားစု အများဆုံးပိုင်သည့် မင်္ဂလာဒုံစျေးမှဆိုင်ခန်းများ ဖယ်ရှားခိုင်း၍ တပ်​ထောက်ခံသူများ မကျေမနပ်ဖြစ်နေ Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.