နွားထိုးကြီး၊ ညောင်ဦးနဲ့ တောင်သာနယ်က ဒေသခံ (၁၀) ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ်၊ သွေးသောက်အဖွဲ့ လည်ဆွဲကတ် ချိတ်ဆွဲပြီး အလောင်းတွေ လမ်းဘေးစွန့်ပစ်၊

စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်-ဖြတ်ခံခဲ့ရတဲ့ ညောင်ဦးမြို့နယ် စဉ့်ကူရွာက မသော်မီမီဝင်း/Photo - S

အောက်တိုဘာ - ၄ 

မန္တလေးတိုင်း နွားထိုးကြီး၊ ညောင်ဦးနဲ့ တောင်သာနယ်ထဲက NLD ပါတီဝင် ဒေသခံ (၁၀) ဦးကို စစ်အုပ်စုက ဖမ်းဆီးကာ လည်လှီး သတ်-ဖြတ်ပြီး သွေးသောက်အဖွဲ့ ဆိုတဲ့ လည်ဆွဲကတ်တွေ ချိတ်ဆွဲကာ အလောင်းတွေကို လမ်းဘေး စွန့်ပစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နွားထိုးကြီးမြို့နယ်က ဒေသခံ ငါးဦး၊ ညောင်ဦးမြို့နယ်က ဒေသခံ လေးဦးနဲ့ တောင်သာမြို့နယ်က ဒေသခံတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်တာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

နွားထိုးကြီးမြို့ပေါ်က အသက် (၄၇) နှစ်အရွယ် ဦးသိန်းလွင်၊ အသက် (၅၅) နှစ်အရွယ် ဦးကျော်ဆန်းနဲ့ အသက် (၅၆) နှစ်အရွယ် ဦးလှစိုး၊ နွားထိုးကြီးနယ် ထန်းဂွကျေးရွာက အသက် (၃၈) နှစ်အရွယ် ကိုဇင်မင်းနဲ့ အသက် (၄၂) နှစ်အရွယ် ကိုကျော်မင်းတို့ကို မနေ့ စက်တင်ဘာ (၃) ရက် နေ့လယ်ပိုင်းမှာ စကစနှင့် မြင်းခြံနယ်ထဲက ပျူစောထီးတွေ ပူးပေါင်းပြီး လာရောက် ဖမ်းဆီးသွားခဲ့ကာ ဒီနေ့ မနက်မှာတော့ နွားထိုးကြီးမြို့ အထွက်လမ်းဘေးမှာ အလောင်းတွေ စွန့်ပစ်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် တောင်သာမြို့ အမှတ်(၆) ရပ်ကွက်က NLD ပါတီဝင် ဦးထွန်းဇော်ကိုလည်း စက်တင်ဘာ (၂) ရက်မှာ စစ်အုပ်စုက ဖမ်းဆီးပြီး နောက်တစ်နေ့မှာ အလောင်းကို လမ်းဘေး စွန့်ပစ်သွားခဲ့ပါတယ်။ 

စက်တင်ဘာ (၂) ရက် ညသန်းခေါင်မှာပဲ ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာက NLD ပါတီဝင် ဦးဝင်းအောင်မိုး (၅၂နှစ်)၊ ဦးငြိမ်းချမ်းမင်း (၄၂နှစ်)နဲ့ မသော်မီမီဝင်း (၃၂နှစ်)တို့ကို ဧည့်စာရင်းအကြောင်းပြကာ စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် နောက်တစ်နေ့ မနက်မှာ စဉ့်ကူတိုက်နယ်ဆေးရုံရှေ့ ကားလမ်းဘေးမှာ အလောင်းတွေ စွန့်ပစ်ထားပါတယ်။ မသော်မီမီဝင်းကို မုဒိမ်းကျင့် သတ်ဖြတ်ထားတာ ဖြစ်ပြီး ကျန်တဲ့ အမျိုးသားနှစ်ဦးကိုတော့ ခေါင်းဖြတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အဲဒီည စက်တင်ဘာ (၃) ရက် မနက်ပိုင်းအချိန်မှာပဲ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်ခွဲ ဆည်ရွာက NLD ပါတီဝင် ဦးကျော်ဝင်းနဲ့ သမီးကို စစ်အုပ်စုက ဖမ်းဆီးပြီး သမီးကို ပြန်လွှတ်ကာ ဖခင်ဖြစ်သူကိုတော့ ရွာအနောက်ဖက်မှာ သတ်ဖြတ်စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သေဆုံးသူတွေရဲ့ အလောင်းတွေပေါ်မှာ သွေးသောက်အဖွဲ့ ဆိုတဲ့ လည်ဆွဲကတ်တွေ ချိတ်ဆွဲထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နွားထိုးကြီး၊ ညောင်ဦးနှင့် တောင်သာနယ်က ဒေသခံတွေကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ်မှုနဲ့ ပတ်သက်ပြီး သွေးသောက်အဖွဲ့က သတ်-ဖြတ်တာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက တညီတညွတ်တည်း သတင်း ဖြန့်ပါတယ်။

သွေးသောက်အဖွဲ့ဟာ ယခုနှစ်ဆန်းပိုင်းကမှ စတင်ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပြီး အနီရောင်စစ်ဆင်ရေးလို့ အမည်ပေးကာ စစ်အာဏာသိမ်းမှု မထာက်ခံသူနဲ့ NLD ပါတီဝင်တွေကို ဦးတည်ကာ သတ်-ဖြတ်နေတာ ဖြစ်ပါတယ်။

သွေးသောက်အဖွဲ့တွေမှာ စစ်ကောင်စီ သစ္စာခံ နယ်ထိန်းတွေ၊ ကျေးရွာရပ်ကွက် အုပ်ကြီးတွေနှင့် ပျူတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပြီး အမြဲတန်း အဖွဲ့မဟုတ်ဘဲ စစ်အုပ်စုက သူတို့ သတ်-ဖြတ်လိုသူကို သတ်-ဖြတ်ပြီးချိန် အမည်ခံဖို့ အယောင်ပြ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ကြောင်း ပြီးခဲ့တဲ့ လပိုင်းအတွင်း စစ်အုပ်စုရဲ့ သတ်-ဖြတ်တာကို ခံခဲ့ရတဲ့ စဉ့်ကူးနယ်က ဒေသခံပြည်သူတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလကလည်း မန္တလေး၊ အမရပူရနှင့် ကျောက်ဆည်နယ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဒေသခံ (၁၅) ဦးခန့်ကို ဖမ်းဆီး သတ်-ဖြတ်ခဲ့ပြီး သွေးသောက်အဖွဲ့ လည်ဆွဲနဲ့ အလောင်းတွေကို လမ်းဘေးစွန့်ပစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

နွားထိုးကြီး၊ ညောင်ဦးနဲ့ တောင်သာနယ်မှာ စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ အုပ်ကြီးနှင့် ပျူတချို့ သုတ်သင်ခံရပြီးနောက် စစ်အုပ်စုက အခုလို ဒေသခံတွေကို ဖမ်းဆီး သတ်-ဖြတ်ပြပြီး လူထုကြား ကြောက်စိတ်ဝင်ပြီး သူတို့ကို မလှန်ရဲအောင် လုပ်တာ ဖြစ်မယ်လို့  ညောင်ဦး ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။


Mandalay Free Press - MFP

နွားထိုးကြီး၊ ညောင်ဦးနဲ့ တောင်သာနယ်က ဒေသခံ (၁၀) ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ်၊ သွေးသောက်အဖွဲ့ လည်ဆွဲကတ် ချိတ်ဆွဲပြီး အလောင်းတွေ လမ်းဘေးစွန့်ပစ်၊ နွားထိုးကြီး၊ ညောင်ဦးနဲ့ တောင်သာနယ်က ဒေသခံ (၁၀) ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ်၊  သွေးသောက်အဖွဲ့ လည်ဆွဲကတ် ချိတ်ဆွဲပြီး အလောင်းတွေ လမ်းဘေးစွန့်ပစ်၊ Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.