ပုလဲမြို့တွင်းမှာ ကင်းပတ်နေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး စစ်သား ၇ ဦးသေဆုံး


ပုလဲ၊ အောက်တိုဘာ ၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ထဲမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အောက်တိုဘာလ ၆ ရက်မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး စစ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်၊၊

စစ်သား၊ ရဲ နဲ့ ပျူစောထီး စုစုပေါင်းအင်အား ၁၈ ဦးဟာ ပုလဲမြို့တွင်းကင်းလှည့်နေချိန် ည ၈ နာရီ ၄၀ မိနစ်လောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အော်တိုဂန်း၊ စနိုက်ပါ စတဲ့လက်နက်တွေကို အသုံးပြုပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Southern YSO PDF ဗိုလ်အောင်မောင်းက ပြောပါတယ်၊၊

“ကျနော်တို့က ရှေ့ထွက်ပြောင်း ၃ လုံးနဲ့ပစ်ခတ်ပြီး အော်တိုဂန်း၊ စနိုက်ပါ၊ ၄၀ မမ၊ ရိုက်ဖယ်တွေနဲ့ အဖက်ဖက်ကနေဝိုင်းပြီးပစ်တာ၊ ကင်းပတ်နေတဲ့ စစ်သား၊ ရဲနဲ့ ပျူတွေပါ၊ ထိတွေ့တိုက်ပွဲက နာရီဝက်လောက်ကြာတယ်၊ သူတို့ဘက်ကအင်အားတွေထပ်တိုးတယ်၊ လက်နက်ကြီး စက်ကလေးတွေဆွဲတဲ့အခါ ကျနော်တို့နောက်ပြန်ဆုတ်ခဲ့တယ်” လို့ ပြောပါတယ်၊၊

အဲ့ဒီအဖွဲ့မှာပါဝင်တဲ့ စစ်သားတွေဟာ စစ်ကိုင်းအခြေစိုက် တခမ ၃၃ ကဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦးသေဆုံးခဲ့သလို ကာကွယ်ရေးရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်အောင်မောင်းကဆက်ပြောပါတယ်၊၊

“PDF ရဲဘော်တဦးထိခိုက်ဒဏ်ရာရခဲ့တယ်၊ မစိုးရိမ်ရပါဘူး၊ လက်နက်ကြီးအစမှန်တာ၊ လက်တလောညကသိရတာက စစ်သား ၅ ကောင်သေတယ်၊ ဆေးရုံရောက်ပြီး‌မှ ဆေးကုနေရင်းသေတဲ့ကောင်လည်းရှိတယ်၊ ထပ်တိုး ၂ ယောက်ထပ်သေတယ်” လို့ဆိုပါတယ်၊၊

ဒီတိုက်ခိုက်မှုကို Southern YSO PDF နဲ့ ယင်းမာပင်ခရိုင် ပုလဲတပ်ရင်း ၄ အမှတ် (၁၀) ဒေါင်းနက် အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်ကလည်း ပခုက္ကူမြောက်ဘက်ကိုထွက်လာတဲ့ ပျူစောထီးကား ၃ စီးကို Southern YSO PDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး စစ်သား ၄ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်၊၊


မြေလတ်အသံ - Myaelatt Athan 

ပုလဲမြို့တွင်းမှာ ကင်းပတ်နေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး စစ်သား ၇ ဦးသေဆုံး ပုလဲမြို့တွင်းမှာ ကင်းပတ်နေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး စစ်သား ၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:14 Rating: 5

No comments:

Powered by Blogger.