တိုက်ပွဲပြင်းထန်ခဲ့သည့် နမ္မတူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကို မီးရှို့ပြီး ရေတွင်းများကို အဆိပ်ခတ်


နမ္မတူ - အောက်တိုဘာ ၇၊ ၂၀၂၂။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲခဲ့သည့် နမ္မတူမြို့နယ် ဆင်လီကောင်ကျေးရွာတွင် ဆန်အိတ်များကို ဘန်ကာများပြုလုပ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ သောက်သုံးရေတွင်းများကိုလည်း အဆိပ်ခတ်သွားကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဝင်ရောက်တပ်စွဲခဲ့ပြီး ပြန်လည်ထွက်ခွာသွားချိန်တွင် ဒေသခံပြည်သူများ၏ ကားနှင့် ဆိုင်ကယ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က အခုရွာကနေထွက်သွားပြီး ဒါပေမဲ့ ရွာထဲမှာ ရှိတဲ့ပစ္စည်းတွေ အကုန်လုံးကို ယူသွားလို့မရအောင် အကုန်လုပ်ချင်သလို လုပ်သွားကြတယ်။ ဆန်အိတ်တွေကိုလည်း ကတုတ်လုပ်ပေးတယ်။ ရေတွင်းတွေမှာလည်း အဆိပ်ခတ်ပေးခဲ့လို့ နွားတွေက အဲ့ရေတွေသောက်တော့ နွားတွေလည်း ပါးစပ်ကနေအမြုပ်ပြန်ပြီး သေတာတွေတွေ့နေရတယ်။ သူတို့ယူချင်တဲ့ဟာတွေလည်းအကုန်ယူသွားတယ်” ဟုသူကပြောသည်။

ပြည်သူတို့၏ အိမ်စီးကာ ပါဂျဲရိုးအမျိုးအစား ကားတစ်စီးနှင့် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သူကပြောသည်။

ကျေးရွာအတွင်းရှိ ပြည်သူတစ်ဦး၏ နေအိမ်မှလည်း ငွေကျပ်သိန်းလေးဆယ်ခန့် ယူသွားပြီး နွားများကိုလည်း သတ်ဖြတ်စားသောက်သွားကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“အကုန်ရှို့ပေးလိုက်တယ် ပစ္စည်းတွေလည်း သူတို့ ဖျက်ဆီးပေးထားတယ် ပြီးရင် နွားတွေကိုလည်း သတ်စားပြီး ဖက်တွေနဲ့ ဒီတိုင်းရောပြီး ပစ်ထားတာ။ အိမ်တစ်အိမ်မှာ သိန်းလေးဆယ်လောက် သေတ္တာထဲမှာ ထည့်ထားတာလည်း ယူသွားပေးတယ်။ ရေတွင်းမှာလည်းအဆိပ်တွေ ထည့်ထားပေးတယ်။ နွားမတစ်ကောင်ကို တိုက်ကြည့်တာ သေသွားတယ်” ဟုပြောသည်။

ဆင်လီကောင်ရာကျေးရွာအနီးတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့က ဆင်လီကောင်ရာကျေးရွာ၊ ကုန်းကယားကျေးရွာနှင့် မန်ဂျတ်ကျေးရွာမှဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကုန်းကယားကျေးရွာမှ ဒေသခံပြည်သူများမှာ ယမန်နေ့က နေရပ်ပြန်ပြီဖြစ်ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု တစ်သောင်းကျော် လူဦးရေ ငါးသောင်းခန့် နေထိုင်သည်။


The 74 Media 

တိုက်ပွဲပြင်းထန်ခဲ့သည့် နမ္မတူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကို မီးရှို့ပြီး ရေတွင်းများကို အဆိပ်ခတ် တိုက်ပွဲပြင်းထန်ခဲ့သည့် နမ္မတူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကို မီးရှို့ပြီး ရေတွင်းများကို အဆိပ်ခတ် Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.