စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးရှို့ပြီး ဒေသခံ ရှစ်ရာကျော်ကို ဖမ်းဆီး၊ လမ်းများကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီး


မုံရွာ - အောက်တိုဘာ ၅၊ ၂၀၂၂။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ် မုံရွေးကျေးရွာနှင့် ကြေးမုံ‌ကျေးရွာကို ယနေ့ နံနက် ရှစ်နာရီခွဲမှစပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ကျေးရွာကို မီးရှို့ခဲ့သည့်အပြင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ရှစ်ရာခန့်ကိုလည်း ဖမ်းဆီးထားကြောင်း မုံရွေးဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။ 

"မနေ့ကတော့ ရွာမှာ တပ်စွဲပြီး ‌အုပ်ချုပ်ရေးမှူးအိမ်ကို ရှို့သွားတာပေါ့နော်။ ဒီနေ့ မနက်မှာကတော့ NLD အဖွဲ့ဝင်ရဲ့ အိမ်ကနေ စပြီးတော့ မီးစရှို့တာ ခုထိ ရှို့နေရတုန်းပါပဲ။ ဖမ်းခံရတဲ့ လူတွေကလည်း ခုထိလွတ်လာခြင်းမရှိသေးဘူး။ ရွာထဲမှာ ကလေးတွေရော လူကြီးတွေရောအကုန်လုံးကို ဖမ်းထားတာ ကျောင်း‌သုံးကျောင်းမှာ ဖမ်းခေါ်ထားတာ။ လမ်းမကြီးဘက်က ဖြတ်သွားဖြတ်လာလူတွေကိုရော အကုန်ဖမ်းခေါ်ထည့်ထားတာ" ဟု သူကပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခန့်က ‌မုံရွေးရွာနှင့် ကြေးမုံရွာသို့ ဝင်ရောက်ခဲ့ပြီး အဆိုပါကျေးရွာနှစ်ရွာမှ ဘုန်းကြီးကျောင်း သုံးကျောင်းတွင် တပ်စွဲကာ ဒေသခံပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားခြင်းဖြစ်ကြောင်းသူကပြောသည်။ 

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေကော်စက် (ဘူဒိုဇာ) အသုံးပြုကာ ယနေ့ နံနက်ပိုင်းက မုံရွာမြို့နယ် လယ်ဇင်ကျေးရွာထိပ် ဆိုင်းဘုတ်နားတွင် လမ်းဖျက်ဆီးခဲ့ပြီး ညနေပိုင်းတွင်လည်း မိုးညှင်းသမ္ဗုဒ္ဓေ - ‌ကျောက္ကာလမ်းကိုလည်း ဖျက်ဆီးခဲ့သည်ဟု အခြားသော ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"အခုလောလောဆယ်ကတော့ ဟိုဘက် မိုးညှင်း-ကျောက္ကာလမ်းကို ကားနဲ့ ဖျက်ဆီးနေတာ။ လယ်ဇင်ဘက်မှာကော ဖျက်ဆီးထားတယ်။ မနေ့ကတော့ မုံရွာအမြင့်လမ်းကို ဖျက်ချထားတာ။ အဲ့တာကို ပြည်သူတွေက ကားလမ်းတစ်လမ်းစာ ပြန်ပြီးဖို့ပြီး သွားကြရတာ။ သူက အဓိကလမ်းတွေပေါ့နော်။ ပြည်သူတွေ ထွက်ပြေးရခက်အောင်ပေါ့။ အဲ့လိုလမ်းတွေကိုရွေးပြီး ဖျက်ချတာ"ဟု ပြောသည်။ 

မုံရွေး - ကြေးမုံရွာသည် မုံရွာမြို့မှ ဆယ်မိုင်ခန့်အကွာ မန္တလေး - မုံရွာကားလမ်းမကြီးဘေးတွင် တစ်ဆက်တည်းတည်ရှိသော ကျေးရွာနှစ်ရွာဖြစ်ပြီး မုံရွေးကျေးရွာတွင် အိမ်ထောင်စု တစ်ထောင်ကျော်၊ လူဦးရေ ငါးထောင့်ငါးရာကျော်နှင့် ကြေးမုံကျေးရွာတွင် အိမ်ထောင်စုအရေအတွက် ခြောက်ရာကျော်၊ လူဦးရေ သုံးထောင်ကျော်နေထိုင်သည်။

အလားတူ မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက် မုံရွာ - အမြင့်လမ်း ဒေသအခေါ် ကျောက်ပေါက်ကွေ့လမ်းကို ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေကော်စက် (ဘူဒိုဇာ)ဖြင့် ဖျက်ဆီးသွားခဲ့သည်။


The 74 Media 

စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးရှို့ပြီး ဒေသခံ ရှစ်ရာကျော်ကို ဖမ်းဆီး၊ လမ်းများကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီး စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးရှို့ပြီး ဒေသခံ ရှစ်ရာကျော်ကို ဖမ်းဆီး၊ လမ်းများကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီး Reviewed by THITHTOOLWIN on 21:12 Rating: 5

No comments:

Powered by Blogger.