သပိတ်ကျင်းမှာ ရွှေတွင်းတွေ ရှိရာ ဆက်ကြေးလာကောက်တဲ့ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ ငါးယောက် သေဟုဆို၊


အောက်တိုဘာ - ၇

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာအနီး ရွှေတူးဖော်ရေး လုပ်ငန်းတွေ ရှိရာဘက် ဆက်ကြေးကောက်ဖို့ လာရောက်တဲ့ စစ်ကားနှစ်စီးကို ဒီနေ့ မနက်ပိုင်း မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ငါးယောက်ခန့် သေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖ ကြာညှပ် က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၇)ရက် မနက်(၁၁)နာရီက သပိတ်ကျင်းမြို့နယ်၊ တောင်လယ်ကျေးရွာအနီးက ရွှေတွင်းတွေ ရှိရာဘက် ဆက်ကြေးလာကောက်တဲ့ စစ်ကားနှစ်စီးကို မန္တလေး - ၊မိုးမိတ်ကားလမ်း၊ ကျောက်ဖြူကျေးရွာနှင့် ဗနွဲကျေးရွာကြားမှာ ပဒေသာမိုင်း ငါးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရွှေတွင်း ဆက်ကြေး လာရောက် ကောက်ခံ‌လေ့ရှိသော စကစ အရာရှိ ကားသေးတစ်စီးနှင့် လိုက်ထရပ်ကားတစ်စီးကို ပဒေသာမိုင်း ငါးလုံးဖြင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ လိုက်ထရပ်ကားပေါ်ပါ စကစ ငါးကောင် ထက်မနည်း သေဆုံးမှု ရှိနိုင်ပြီး အရာရှိ ကားပေါ်ပါ စကစများလည်း ထိခိုက်မှု များနိုင်ကြောင်း ကနဦး သိရပါတယ်” လို့ ကြာညှပ် ပကဖ က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းကလည်း ရွှေလုပ်ငန်းရှင်ရှင်က ငွေပေးခိုင်းစေလို့ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ အနီးက ရွှေတွင်းလုပ်ကွက်တွေ ရှိရာဘက် ပြည်သူကို ခြိမ်းခြောက် ရန်ပြုဖို့ လာတဲ့ စကစ ဗိုလ်မှူး အပါအဝင် သုံးယောက်ကို သပိတ်ကျင်း ဗိုလ်လင်းယုန်အဖွဲ့က သုတ်သင် ရှင်းလင်းခဲ့ပါတယ်။


Mandalay Free Press - MFP

သပိတ်ကျင်းမှာ ရွှေတွင်းတွေ ရှိရာ ဆက်ကြေးလာကောက်တဲ့ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ ငါးယောက် သေဟုဆို၊ သပိတ်ကျင်းမှာ ရွှေတွင်းတွေ ရှိရာ ဆက်ကြေးလာကောက်တဲ့ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ ငါးယောက် သေဟုဆို၊ Reviewed by THITHTOOLWIN on 19:32 Rating: 5

No comments:

Powered by Blogger.