လာဘ်စားသည်ဟု နာမည်ထွက်နေသည့် တရားသူကြီး တစ်ဦး ပစ်သတ်ခံရ


အောက်တိုဘာ ၇၊ ၂၀၂၂။

လာဘ်စားသည်ဟု နာမည်ထွက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှ တရားသူကြီး တစ်ဦးကို အမည်မသိ လက်နက်ကိုင် လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက သံလွင်ခက် သတင်းဌာနကို ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီခန့်တွင် သုဟန်ပန်းချီဆိုင်းဘုတ်ဆိုင်အနီး၌ အမည်မသိ လက်နက်ကိုင် လူငယ် နှစ်ဦးက မူဆယ်မြို့နေ အသက် ၃၇ နှစ်အရွယ်ရှိ တရားသူကြီးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။

"အဲဒီအချိန်က ကျွန်တော်တို့ အလုပ်ဆင်းပြီး ပြန်တဲ့အချိန်။ ကျွန်တော်တို့ အရှေ့လေးနားမှာပဲ ပစ်သွားတာ။ သူက လာဘ်အရမ်းစားတယ်။ လာဘ်စားလို့ပဲ နာမည်ကြီးနေတာကြာပြီ။ အဲဒါကြောင့် ပစ်သွားတာထင်တယ်" ဟုဆိုသည်။

ပစ်ခတ်ခံရသည့် ဒဏ်ရာကြောင့် အဆိုပါ တရားသူကြီးသည် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

၎င်းသေဆုံးပြီးနောက် အခင်းဖြစ်ပွားရာ နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ ရောက်ရှိခဲ့ပြီး အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

ဒေသခံ အမျိုးသားတစ်ဦးက "ကောင်လေး နှစ်ယောက်က ကျွန်တော်တို့ ဆိုင်ရှေ့နားမှာ ဟိုကြည့်   ဒီကြည့် လုပ်နေတာ။ ခဏနေတော့ ကားနားကို သွားပြီး သေနတ်ပစ်သံ ကြားရတာပဲ။ ငါးချက်၊ ခြောက်ချက်လောက် ရှိမယ်။ အပစ်ခံရပြီး ကားက ကွေ့ထွက်သွားတယ်။ ပြီးတော့ လမ်းလယ်မှာ ရပ်သွားတယ်။ ခဏနေတော့ ရဲတွေ ရောက်လာပြီး ဆေးရုံကားနဲ့ တင်သွားတယ်။ ပြီးတော့ စစ်ကောင်စီ တပ်သားတွေနဲ့ ပြည်သူ့စစ်တွေ ရောက်လာပြီး စစ်တာ" ဟုဆိုသည်။

တရားသူကြီး ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် ယနေ့ မနက်ပိုင်းတွင် မူဆယ်မြို့၌ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။


သံလွင်ခက် - Than Lwin Khet News

လာဘ်စားသည်ဟု နာမည်ထွက်နေသည့် တရားသူကြီး တစ်ဦး ပစ်သတ်ခံရ လာဘ်စားသည်ဟု နာမည်ထွက်နေသည့် တရားသူကြီး တစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.