ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး ၅ ဦးဒဏ်ရာရခဲ့သည့်နောက် စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွါ


မုံရွာ၊ အောက်တိုဘာ ၃ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ PDF ထံမှ သိရသည်။

အင်အား ၂၇ ယောက်ခန့်ဖြင့် ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၂ နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး လက်ရှိတွင်တော့ စစ်ကောင်စီတပ်သားများ စခန်းတွင်မနေထိုင်တော့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ PDF တဦးက မြေလတ်အသံကိုပြောသည်။

"ကျနော်တို့စပြီးတိုက်ပွဲဖြစ်တာ မနက် ၂ နာရီမှာတိုက်ပွဲစဖြစ်တာ၊ အင်အား ၂၇ ယောက်နဲ့ညောင်ဖြူပင်ရွာ ရဲစခန်းမှာအထိုင်ချနေတာပါ၊ တိုက်ပွဲချိန် ၁ နာရီလောက်ကြာတယ်၊ သူတို့ဘက်က ၄၀ မမ လက်နက်ငယ်တွေနဲ့ပြန်ပြီး ပစ်ခတ်မှုတွေလုပ်ပါတယ်၊ ကနဦးသေတာက ၁၀ ယောက်ပါ၊ ဒဏ်ရာရတာက ၅ ယောက်ပါ၊ နောက်ထပ် ၂ ယောက် ထပ်သေတယ်လို့လည်းသိရတယ်၊ အခုတော့အဲဒီရဲစခန်းမှာ တယောက်မှမရှိတော့ဘူးလို့ပြောတယ်" ဟု ၎င်းက ဆိုသည်။

ညောင်ဖြူပင်ရွာရဲစခန်းအား မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ၊ မြေလတ် PDF -တောင်သာ၊ Seven People Defense Force ၊ Scorpions People Defense Force ၊ စစ်ကိုင်းတိုင်း တပ်ရင်း ၁ ၊ Natogyi Regional Defence Force ၊ MSPDF၊ Myaung Special People Defense Force၊ မုံရွာခရိုင်တပ်ရင်း(၇)၊ မုံရွာခရိုင်တပ်ရင်း (၁၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၄)၊ NRDFတပ်ဖွဲ့နှင့် မုံရွာသံမဏိတပ်ခွဲ မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ်အား မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ အဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးကြောင်း သိရသည်။


မြေလတ်အသံ - Myaelatt Athan 

ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး ၅ ဦးဒဏ်ရာရခဲ့သည့်နောက် စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွါ ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး ၅ ဦးဒဏ်ရာရခဲ့သည့်နောက် စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွါ Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.