ရေးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး


ရေး၊ အောက်တိုဘာ ၅၊ ၂၀၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိဇေယျာရပ်ကွက်မှာ စျေးဝယ်နေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ ရက်ဒီကနေ့မနက်ပိုင်း ၁၀ နာရီခန့်မှာ သီရိဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသိန်းဦးဟာ နေအိမ်အနီးစျေးဆိုင်မှာ စျေးဝယ်နေချိန် သေနတ်သမားတွေရဲ့ပစ်ခတ်တာကို ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီမနက် သူအိမ်လမ်းထိပ်ကစျေးဆိုင်မှာ စျေးဝယ်နေချိန် သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီးပစ်သတ်သွားတယ်လို့ သိရတယ်။ သူကိုစောင်ကြည့်နေတဲ့သဘောရှိမယ်။ ဆိုင်ကယ်နဲ့လာပစ်သွားတာလို့ သိရတယ်။ ပစ်တဲ့အချိန် သေနတ်အချက်ရေများတယ်။ သူက စကစ ခိုင်းတာ အကုန်လုပ်တယ်လို့လဲ သတင်းထွက်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

သူ့ကို လူနာတင်ယာဥ်နဲ့ ရေးဆေးရုံကိုသယ်ဆောင်သွားချိန်မှာပဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာလို့လည်း ဆိုပါတယ်။

ဒီပစ်ခတ်မှုကို Mon State Revolutionary Organization အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီနဲ့ပက်သက်ဆက်နွယ်မှုရှိ၊ မရှိကို စုံစမ်းအတည်ပြုပြီးမှ ခုလိုလုပ်ဆောင်ခဲ့တာလို့ MSRO အဖွဲ့မှတာဝန်ရှိသူက ပြောပါတယ်။

“သူ့ကို စကစက အတိုတလက်ပေးထားတယ်၊ တခါတလေ သူ့အိမ်ကို တပ်ကအရာရှိတွေ အရပ်၀တ်နဲ့လာတယ်၊ တခါတလေ နေ့ခင်းဘက် တပ်ထဲမှာနေလေ့ရှိတယ်၊ အုပ်ချုပ်ရေးမှူးတိုင်းကို ကျနော်တို့ မလုပ်သလို၊ တကယ့်အခြေနေအရ လုပ်နေရတဲ့အုပ်ချုပ်ရေးမှူးတွေကိုလည်း ကျနော်တို့မထိဘူး”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး၊ ပတ်ဝန်းကျင်နဲ့လမ်းသွားလမ်းလာတွေကိူ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

သေဆုံးသူ အုပ်ချုပ်ရေးမှူးမင်းသိန်းဦးဟာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မကြာခဏသတိပေးတာကို ခံရဖူးပြီး ၂၀၂၁ ခုနှစ်ပိုင်းမှာလည်း နေအိမ်ဝမှာ ဗုံးချိတ်ပြီး သတိပေးခံရဖူးသူဖြစ်ပါတယ်။

ရေးမြို့နယ်မှာ အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီသတင်းပေးဒလန်၊ စစ်ကောင်စီဒေါင်တိုင် ဌာနဆိုင်ရာဝန်ထမ်းတွေ မကြာခဏ ရှင်းလင်းခံနေရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက် မနေ့ကမနက် ၉ နာရီလောက်မှာလည်း ရေးမြို့နယ်၊ ‌ကျူံလောင်းရွာဟောင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီသတင်းပေး ဦးအောင်မြင့် ဆိုသူကို MSRO အဖွဲ့က နေအိမ်မှာပဲပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။


မြေလတ်အသံ - Myaelatt Athan 

ရေးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး ရေးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.