မုံရွေး-ကြေးမုံရွာရှိ နေအိမ် ၆ လုံးကို စစ်တပ်မှ မီးရှို့၊ ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးထား


စစ်ကိုင်း၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းရှိ ကတ်ကြေး၊ တာယာပစ္စည်းများထုတ်လုပ်သည့် မုံရွေး-ကြေးမုံ ရွာကြီးနှစ်ရွာကို အာဏာသိမ်း စစ်ကောင်စီတပ်မှ ယမန်နေ့ (အောက်တိုဘာ ၄ ရက်) က ဝင်ရောက်စီနင်းခဲ့ပြီး ယနေ့ နေလယ်ပိုင်းအထိ ပြည်သူ (၃၀၀) ကျော်ကိုဖမ်းဆီးထားကာ နေအိမ် (၆) လုံးကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ဝင်ရောက်စီးနင်းချိန်တွင် စစ်တပ်က အင်အား ၈၀ ကျော်ပါရှိပြီး လက်ရှိတွင် အဆိုပါရွာရှိ အပြစ်မဲ့ပြည်သူ များကို ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

"အသေးစိတ်ကတော့ ရွာထဲဝင်မရတော့ မသိရသေးဘူး။ NLD ဥက္ကဌ အိမ်ကိုရှို့တယ်လည်းကြားတယ်။ ရွာဘုန်းကြီး ကျောင်းမှာ ပြည်သူတွေကိုဖမ်းထားတယ်" ဟု ဒေသခံတစ်ဦးက အဆိုပါရွာအတွင်းက အခြေအနေနှင့် ပတ်သက်သည့် ၎င်းသိခဲ့သည်များကို လူငယ့်ခေတ်သို့ ပြောသည်။

မုံရွေး၊ ကြေးမုံရွာကြီးမှာ ကတ်ကြေး၊ တာယာပစ္စည်းများ ထုတ်လုပ်သည့်အပြင် ခေါင်းအုံး၊ မွေ့ယာစောင်များ လည်း ထုတ်လုပ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက "မနေ့ကတော့ ဥက္ကဌအိမ်ရှို့တယ်၊ ဒီနေ့တော့ ခုကြားရသလောက် ဆို NLD ခေါင်းဆောင်အိမ်လို့တော့ ကြားတယ်ဗျ။ တာယာထုတ်တဲ့အိမ်တွေလို့တော့ ကနဦးကြားရသေးတယ်။ အထဲထိဝင်ကြည့်လို့မရတော့ အတိကျတော့ မသိသေးဘူး။ အခုထိတော့ မီးခိုးလုံးတွေက အလိပ်လိုက်ပဲ" ဟု လူငယ့်ခေတ်သို့ ပြောသည်။

မုံရွေးနှင့်ကြေးမုံရွာကြီးမှာ နှစ်ရွာပေါင်း အိမ်ခြေ (၃၀၀၀) ဝန်းကျင်ရှိပြီး လက်ရှိ မြေပြင်အသေးစိတ်အခြေအနေ များ၊ ဖမ်းဆီးခံထားရသည့် ပြည်သူအရေအတွက်နှင့် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေအရေအတွက် အသေးစိတ်ကိုမူ လူငယ့်ခေတ်အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။


Lu Nge Khit

မုံရွေး-ကြေးမုံရွာရှိ နေအိမ် ၆ လုံးကို စစ်တပ်မှ မီးရှို့၊ ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးထား မုံရွေး-ကြေးမုံရွာရှိ နေအိမ် ၆ လုံးကို စစ်တပ်မှ မီးရှို့၊ ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.