28 September 2022

ဒရုန်းနဲ့ (၁၇)ကြိမ် တိုက်ခိုက်ပြီးနောက် ပေါက်မြိုနယ် သရက်ကန်ရွာ နယ်မြေရဲစခန်းက ရဲတွေ ကိုယ့်စခန်းကို မီးရှို့ပြီး စခန်းစွန့်သွား၊

ပေါက်မြို့နယ် သရက်ကန်ရွာထဲက ပြည်သူ့နေအိမ်တွေကို သာမက ရဲစခန်းကိုပါ စစ်အုပ်စုက မီးရှို့နေစဉ်/Photo – CJ

ဒရုန်းနဲ့ တိုက်ခိုက်ခံရချိန် ဓားစာခံဖမ်းထားတဲ့ ပြည်သူတွေကို နေပူလှမ်းပြီး ဒရုန်းတစ်ချက် ပါး(၁၀)ချက် ရိုက်ဟုဆို၊

စက်တင်ဘာ - ၂၈

မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာ နယ်မြေရဲစခန်းက စခန်းအထိုင် ကျနေတဲ့ ရဲတွေ အပါအဝင် စစ်ကြောင်းထိုး ဝင်လာတဲ့ စစ်အုပ်စုတွေဟာ ကိုယ့်စခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ဒီကနေ့ နေ့လယ်ပိုင်းမှာ စခန်းစွန့်ပြီး တပ်ဆုတ်သွားတယ်လို မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က MFP ကို ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ(၂၈)ရက် နေ့လယ်(၂)ကျော်မှာ ပေါက်မြို့နယ်၊ သရက်ကန်ရွာ ရဲစခန်းထဲက ရဲ၊ စစ်သားနှင့် ပျူ စုစုပေါင်း အင်အား (၁၂၀)ခန့်  စခန်းစွန့်ကာ ပြန်ဆုတ်သွားတာဖြစ်ပြီး ဒေသခံပြည်သူ (၅၀)ခန့်ကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

စခန်းကို မီးရှို့ပြီး ဆုတ်ခွာ ထွက်ပြေးသွားတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း ကြက်ဆူအိုင့်နှင့် တောင်လုံးရွာကြား အရောက် မြိုင်(ပကဖ)နှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ရာမှာ စကစ သုံးယောက် ထိခိုက်ဒဏ်ရာရတယ်လို့ မြိုင် ပကဖ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

"သူတို့ အင်အားနည်းလို့ ဖြစ်မယ် စခန်းခွာသွားတာ။ အခုလက်ရှိ ကျနော်တို ရဲဘော်တွေ နယ်မြေ ရှင်းလင်းရေး လုပ်နေတယ်" လို့ မြိုင် ပကဖ ရဲဘော်က ဆိုပါတယ်။

မနေ့ စက်တင်ဘာ (၂၇)ရက်မှာ သရက်ကန်ရွာ နယ်မြေရဲစခန်းဆီ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုဟာ သရက်ကန်ရွာထဲ လုယက်ဓားပြတိုက်ပြီး ပြည်သူ့နေအိမ် ရှစ်လုံးကို မီးရှိဖျက်ဆီးနေချိန် မြိုင် ပကဖ နဲ့ မဟာမိတ်တပ်ဖွဲတွေက တနေကုန်နီးပါး ဒရုန်းနဲ့ (၁၇)ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို ဒရုန်းနဲ့တိုက်ခိုက်ခံရချိန် စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ပြည်သူတွေကို နေပူထုတ်လှမ်းပြီး ရိုက်နှက်တဲ့အပြင် ဗုံးသီးတစ်လုံး ကျတာနဲ့ အမျိုးသမီးပါ မရှောင် တစ်ယောက်ကို ပါး (၁၀)ချက် ရိုက်နှက် နှိပ်စက်ခဲ့တယ်လို့ ပြန်လွတ်လာသူတွေက ပြောကြောင်း မြိုင် ပကဖ က ဆိုပါတယ်။

သရက်ကန်ရွာ ရဲစခန်းကို ကိုယ်တိုင်မီးရှို့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်အုပ်စုဟာ ဒီညနေပိုင်း မြိုင်နယ် ကျောက်ခွက်ရွာကို ရောက်ရှိသွားပြီး အဲဒီရွာမှာ ညအိပ်ဖွယ် ရှိတယ်လို့ မြိုင်ပကဖ က ဆိုပါတယ်။


Mandalay Free Press - MFP

No comments:

Post a Comment