မဲခေါင်၊ စက်တင်ဘာ ၉
ရှမ်း-ကယား နယ်စပ် မိုးဗြဲမြို့နယ် ဒီကနေ့ တိုက်ပွဲမှာ အာဏာသိမ်း စစ်ကောင်စီဘက်က လေကြောင်း အသုံးပြု တိုက်ခိုက် နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီနေ့ ညနေ ၃ နာရီကစပြီး စစ်ကောင်စီဘက်က လေကြောင်း အသုံးပြု တိုက်ခိုက်နေရာ လက်ရှိအချိန်ထိ လေယာဉ် ၃ စီးနဲ့ ပစ်ခတ်နေတယ်လို့ မိုးဗြဲ ဒေသခံတစ်ဦးက မဲခေါင်သတင်းသို့ ပြောပါတယ်။
“အခု လေယာဉ်တွေနဲ့ ပစ်နေတယ်။ လုံခြုံတဲ့ နေရာမှာ ပုန်းနေရပါတယ်”လို့ ၎င်းက ပြောပါတယ်။
မနေ့က မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှု များပြားပြီးနောက် အခုလို လေကြောင်း အသုံးပြု တိုက်ခိုက်လာတာပဲ ဖြစ်ပါတယ်။
မနေ့ မနက်ပိုင်းက ဗိုးမြဲဘက်ကို အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်တဲ့ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲ ပြင်းထန်နေတာကြောင့် ပြည်သူတွေ အနေနဲ့ အသွားအလာ မလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF၊ ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထပ်မံ အသိပေး ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ် လွိုင်ကော်ကနေလည်း စစ်ကောင်စီ တင့်ကားတွေ ညနေ ၃ နာရီခွဲဝန်းကျင်ခန့်က မိုးဗြဲဘက်ကို ထွက်ခွာသွားတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။
MeKong News - မဲခေါင်သတင်း

No comments:
Post a Comment