ရွာလုံခြုံရေးလာပေးတဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတို့ ဆပ်ကြေးကိစ္စစကားများရာက အုပ်ကြီးထိုးခံရ

သာယာဝတီ၊ စက်တင်ဘာ ၂၈၊ ၂၀၂၂။

ပဲခူးတိုင်း သာယာဝတီမြို့နယ်က ကျေးရွာတခုမှာ စစ်ဗိုလ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဆပ်ကြေးကိစ္စညှိရင်း စကားများကြလို့ စစ်ဗိုလ်က အုပ်ချုပ်ရေးမှုးကို လက်သီးနဲ့ ထိုးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သာယာဝတီမြို့နယ် သဲဖြူကျေးရွာအတွက် လုံခြုံရေးယူပေးဖို့တပ်သားချထားပြီး ဆိုင်ကယ်တွေ ကားတွေကို ဂိတ်ကြေးကောက်တာမျိုးတွေလုပ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ဗိုလ်ရောက်လာပြီး အစည်းအဝေးခေါ်ကာ ဆိုင်ကယ်တစီးကို ပိုက်ဆံကောက်ဖို့ နှုန်းထားသတ်မှတ်နေရာက စကားများကြတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

" အုပ်ကြီးတွေကို စစ်တပ်က ခေါ်ပြီးညှိတယ်၊ သဘောက တစီးကို သုံးထောင်တောင်း ပိုမတောင်းနဲ့ စစ်တပ်က ဒီလိုပြောတယ်၊ အဲ့တာကို သူတို့( အုပ်ကြီး) က မဟုတ်ဘူး၊ ဗိုလ်ကြီးတို့ကို ကျနော် သိန်း ၂၀ပေးမယ် တလကို ၁၀ သိန်းပေးမယ်၊ ကျနော်တို့ ကောက်ချင်သလိုကောက်မယ်ဆိုတဲ့ သဘောနဲ့ ဖြစ်တာ၊ ဗိုလ်ကြီးတို့ တလကို ၁၀သိန်းတောင်းမလား ကျနော်ပေးမယ် ၁၅ သိန်းတောင်းမလား ပေးမယ် " လို့ ပြောပါတယ်။

အဲ့ဒီလို ပြောဆိုပြီးနောက်မှာ စစ်ဗိုလ်က အုပ်ချုပ်ရေးမှူးကို ထထိုးလိုက်သလို နောက်လိုက်စစ်သားတွေကလည်း သေနတ်နဲ့ ပစ်မယ်ခတ်မယ်တွေလည်း လုပ်ခဲ့သေးတယ်လို့ အဲ့ဒီ့ဒေသံက ပြောပါတယ်။

" ရာအိမ်မှူးတွေ အုပ်ချုပ်ရေးမှူးတွေက ဗိုလ်မှူးကို စော်ကားရပါ့မလားဆိုပြီးတော့ လက်အောက်ငယ်သားတွေက ပစ်မသတ်ရလို့ ဒေါတွေကန်နေသေးတယ်၊ ဗိုလ်ကြီးကလည်းပြောသွားသေးတယ် မင်းတို့ကောင်တွေ ဟိုကောင်( PDF) တွေ သတ်လို့ မသေဘူး ငါတို့သတ်လို့သေမှာ၊ မင်းတို့ဟာမင်းတို့ လုံခြုံအောင်သာနေကြ" လို့ ပြောသွားကြောင်း ဆိုပါတယ်။

ပြဿနာဖြစ်ပြီးနောက်မှာ ရွာလုံခြုံရေးလည်း ယူမပေးတော့ပဲ ပြန်သွားလို့ အုပ်ကြီးတွေက သေနတ် ၂လက် တောင်းထားခဲ့တယ်လို့ ပြောပါတယ်။ ရာအိမ်မှူးတွေ အုပ်ကြီးတွေရဲ့ လုံခြုံရေးအတွက် တလုံးထိုးသေနတ်အမျိုးအစား ၂လက် တောင်းယူထားခဲ့ပြီး နေ့ဘက်တွေမှာတော့ သုံးဆယ်မြို့က ရဲတချို့ လာလာစောင့်ပေးလေ့ရှိတယ်လို့သိရပါတယ်။

အုပ်ကြီးတွေနဲ့ ပြဿနာတက်ပြီးပြန်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ၄ရက်နေ့လည်ပိုင်းမရမ်းအင်းရွာ စစ်ကောင်စီခန့်ရာအိမ်မှူးရဲ့သား အောင်ချစ်မင်း ဆိုသူနဲ့ ဘိုကြီးကုန်းရွာက ရာအိမ်မှူးအောင်ဖဲ တို့ သတ်ခံရပြီးနောက်ပိုင်းမှာ လုံခြုံရေးအတွက် လာနေပေးတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

မရမ်းအင်းရွာ ရာအိမ်မှူးသား သတ်ခံရတာနဲ့ပက်သတ်ပြီး နောက်ဆက်တွဲ ဖမ်းခံရသူ စုစုပေါင်း ၅ဦးအထိရှိလာပြီး အဲ့ဒီအထဲမှာ မရမ်းအင်းကျေးရွာက ဘုန်းကြီးဝတ်နေတဲ့ ကိုစိုးသိန်းဆိုသူကို လူဝတ်လဲပြီးဖမ်းဆီးသွားခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေက မရမ်းအင်ရွာက ကိုစိုးသိန်း၊ မရမ်းအင်းရွာသစ်က ကိုမျိုးထက်အောင်၊ ဂဠုံလိုက်ရွာက အဖိုးကြီး ( ခ) တင်စိုး၊ ကျေးလူးရွာက ကိုကျော်မင်း နဲ့ စည်ပင်ရွာက ကိုမင်းမင်းဦး တို့ ၅ဦးကို ဖမ်းထားပြီး ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ရွာလုံခြုံရေးလာပေးတဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတို့ ဆပ်ကြေးကိစ္စစကားများရာက အုပ်ကြီးထိုးခံရ ရွာလုံခြုံရေးလာပေးတဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတို့ ဆပ်ကြေးကိစ္စစကားများရာက အုပ်ကြီးထိုးခံရ Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.