ရွှေကူနယ်တွင် အရပ်သားပြည်သူ ၁၀ဦးကျော်ကို လူသားဒိုင်းဖမ်းဆီးခံရပြီး လူနေအိမ်များ မီးရှို့ ဖျက်ဆီးခံရ


Sep 7,2022

ကချင်ပြည်နယ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က  ဒေသခံအမျိုးသား ၁၀ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူနေအိမ်မီးရှို့ဖျက်ဆီးမှုများလည်းပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇တပ်ရင်းအဖွဲ့ စက်တင်ဘာလ ၆ရက်နေ့ နံနက်ပိုင်းအချိန် ရွှေကူနယ်အတွင်းသို့ ဝင်ရောက်လာပြီး သာယာကုန်းကျေးရွာမှ အရပ်သား ပြည်သူ ၁၀ဦး ထက်မနည်းကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။

''မနေ့ကတည်းကဖမ်းခေါ်သွားတာ ခုထိတော့ ပြန်မလွတ်သေးဘူး။ ဘယ်ကိုခေါ်သွားလဲဆိုတော့ ကျောက်ကြီးရွာဘက်ကိုခေါ်သွားတယ်။ အဓိကတော့ အထမ်းထမ်းခိုင်းဖို့ခေါ်သွားတာ တိုက်ပွဲဖြစ်ရင်တော့ သူတို့ကိုလူသားဒိုင်းအဖြစ်ရှေ့ကိုသွားခိုင်မယ်ပေါ့အဲ့လိုတွေလုပ်တယ်။ ဖမ်းခံရတဲ့သူတွေကဘယ်သူဘယ်ဝါမသိရဘူး။ စစ်ကြောင်းဝင်လာလို့ ထွက်ပြေးကြတဲ့ သူတွေပဲ ဆိုတော့ သေချာမသိရဘူး။ ၁၀ ယောက်ကျော်လောက်က ပါသွားတယ်''ဟုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံ ၁၀ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် သာယာကုန်းကျေးရွာမှ စာသင်ကျောင်းအနီး လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ၂လုံးကို နေအိမ်အတွင်းမှ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်သွားဟုဆက်ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသော အရပ်သားပြည်သူ ၁၀ ဦးမှာ ကျေးရွာအနီးတဝိုက် ဟင်းသီးဟင်းရွက်လိုက်ရှာသူများနှင့် လယ်လုပ်ကိုင်သူများကို စုဆောင်း ခေါ်ဆောင်သွားကြောင်းသိရသည်။


Kachin News Group 

ရွှေကူနယ်တွင် အရပ်သားပြည်သူ ၁၀ဦးကျော်ကို လူသားဒိုင်းဖမ်းဆီးခံရပြီး လူနေအိမ်များ မီးရှို့ ဖျက်ဆီးခံရ ရွှေကူနယ်တွင် အရပ်သားပြည်သူ ၁၀ဦးကျော်ကို လူသားဒိုင်းဖမ်းဆီးခံရပြီး လူနေအိမ်များ မီးရှို့ ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.