တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောင်းကုန်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးရှို့နေ


စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းဘက်မှ အင်းတော်မြို့နယ်အတွင်းဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အောင်ကုန်းကျေးရွာအတွင်းသို့ရောက်လာကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

“လက်ရှိတော့ လူနေအိမ် ၃ လုံးမီးထဲပါသွားပြီ။ တချို့ကလည်း စာသင်ကျောင်းလဲရှို့နေတယ်လို့ပြောတယ်။ အဲဒီ့ရွာမှာ အထက်တန်းကျောင်းခွဲ စာသင်ကျောင်းတစ်ကျောင်းရှိတယ်။ အဲ့ဒီကျောင်းကိုမီးရှို့နေတယ်လို့ပြောတာ။ ဒါပေမယ့် အဲ့ဒါကအတည်ပြုလို့မရသေးပါဘူး။ အိမ်တွေတော့သူတို့စိတ်ကြိုက်ကိုလုပ်နေတာ”ဟု အင်းတော်မြို့ နယ်အတွင်းရှိ အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

လူနေအိမ်ခြေ ၄၅၀ ခန့်ရှိသည့် အောင်းကုန်းကျေးရွာအတွင်းနေထိုင်ကြသည့် ဒေသခံ (၂၅၀၀) ခန့်မှာ လက်ရှိတွင် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရပြီး ကျောင်းနေအရွယ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်းပါဝင် ကြောင်း ၎င်းကထပ်မံရှင်းပြသည်။

Indaw Revolution – IR အ အဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အောင်းကုန်းကျေးရွာအတွင်းသို့ ဝင် ရောက်မီးရှို့နေသည့် စစ်ကောင်စီစစ် ကြောင်းတွင် အင်အား (၁၇၅) ယောက်ခန့်ပါဝင်ပြီး အဆိုပါစစ်ကြောင်းတွင် ရှမ်းနီတပ်များပူးပေါင်းပါဝင်ခြင်းမရှိကြောင်း လူငယ့်ခေတ်သို့ပြောသည်။

“အဲ့ဒီစစ်ကြောင်းက မိုးညှင်းဘက်ကနေဆင်းလာပြီး အင်းတော်နဲ့ မော်လီကြားမှာ တိုက်ပွဲတစ်ခေါက်ဖြစ်သေး တယ်။ ပြီးတော့ အနောက်ဘက်ကိုထွက်သွားတာ။ အခုအောင်းကုန်းရွာဘက်ပေါ့။ စစ်ကြောင်းက ဘယ်ဖက်ကို ဆက်ထွက်မလဲဆိုတာ ထောက်လှမ်းနေတုန်းပဲရှိသေးတယ်။ လက်ရှိတော့ အဲ့ဒီရွာမှာပဲရှိသေးတယ်”ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း အင်းတော်မြို့နယ် အနောက်ဘက်ခြမ်းသို့စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီစစ်ကြောင်းသည် မိုင်းဆွဲတိုက် ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် လမ်းတွင်တွေ့သည့်ပြည်သူများနှင့် လယ်တောစောင့်နေသောပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။


Lu Nge Khit

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောင်းကုန်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးရှို့နေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောင်းကုန်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးရှို့နေ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.