ကလေး၊ စက်တင်ဘာ ၈၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ သီလရှင်ကျောင်းတကျောင်းမှာ ဆွမ်းကပ်ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Kalay Mine အဖွဲ့ကတဆင့်သိရပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့ ဒီကနေ့ ၁၀ နာရီ ၃၅ မိနစ်မှာ စစ်ကောင်စီရာထူးကြီးပိုင်းတွေ လိုက်ပါလာတဲ့ အင်အား ၁၅ယောက်ခန့်ပါတဲ့ ပွိုင့်ကား၂ စီးကို သီလရှင်ကျောင်းနဲ့လွတ်ကင်းတဲ့နေရာအရောက်မှာ မိုင်းဆွဲခဲ့တာလို့လည်း သိရပါတယ်။
“မနက်မိုင်းခွဲပြီးကတည်းက အဲ့လမ်းကိုပိတ်ထားတယ်ဗျ၊ ရပ်ကွက်ထဲကလူတွေလည်း ထွက်ရင်ပစ်မယ်ပြောလို့ ဘယ်သူမှမထွက်ရဘူး၊ စစ်သားတွေကအဲ့ဖက်ခြမ်းကျ သူတို့နယ်မြေလိုဖြစ်နေတော့ ပေါ့ပေါ့ဆဆသွားကြတာပေါ့၊ အဲ့ဒါကြောင့် အမိအရဆွဲနိုင်လိုက်တာ။” လို့ PDF Kalay Mine-Team အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရှေ့ထွက်မိုင်း တလုံးနဲ့ Ready Made မိုင်းတလုံးဆွဲခဲ့ပြီး ၅ ယောက်ဒဏ်ရာပြင်းထန်ကာ သေဆုံးမှုတွေရှိပေမယ့် ခုချိန်ထိလမ်းပိတ်စစ်ဆေးတာတွေ လုပ်နေတဲ့အတွက် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲကလည်း ကင်းပုန်းဝပ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုင်းသင်တန်းဆင်းပြီးပြီးချင်း သွားရောက်တိုက်ခိုက်ခဲ့လို့ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment