28 September 2022

စစ်ကောင်စီရေတပ်စခန်းက ဗိုလ်တဦးအပါ ၁၀ ဦးထွက်ပြေးသွားလို့ စခန်းချရှာဖွေနေရ


စက်တင်ဘာ ၂၈၊ ၂၀၂၂။

တင်္နသာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေမြို့မြို့နယ်၊ မောရဝတီရေတပ်စခန်းမှထွက်ပြေးတိမ်းရှောင်သွားသော ဗိုလ်ကြီးတဦးအပါအဝင် တပ်သားများကိုဖမ်းဆီးရမိရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးဇူးတော်ကျေးရွာနှင့် အခြားကျေးရွာအချို့တွင် စက်တင်ဘာလ ၂၅ ရက်မှစတင်၍ စခန်းချနေထိုင်ကာ ရှာဖွေမှုတွေပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

ကျေးဇူးတော်ကျေးရွာထဲသို့စစ်ကြောင်းမထိုးမှီ ၂ ရက်အလို မောရဝတီရေတပ်စခန်းမှာအစည်းအဝေးလုပ်ပြီးနောက် စက်တင်ဘာလ ၂၅ ရက်မတိုင်ခင်ရက်ပိုင်းမှာ စစ်ဆေးဆရာဝန်ဗိုလ်ကြီးအဆင့်ရှိသူတဦးနှင့် တပ်သား ၉ ဦးဟာ တပ်ကနေထွက်ပြေးသွားသောကြောင့် ယခုလိုရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။

“ထွက်ပြေးလာတဲ့စစ်သားဆယ်ယောက်က အဲဒီရွာဘက်မှာခိုလုံနေတယ်ထင်ကြေးနဲ့ စကစတွေက မြေလှန်ရှာဖွေနေကြတာ။ ပြီးရင်သူတို့အထက်အရာရှိကလည်းထုတ်ပြန်ထားတယ်။ အဲဒီဗိုလ်မှူးအဆင့်နဲ့ တပ်သားဆယ်ယောက်ကိုမတွေ့မချင်း ရှာဖွေဖမ်းဆီးရမယ်ဆိုပြီးအမိန့်ပေးထားတာ” ဟု ထားဝယ်မြို့ပေါ်မှ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၅ ရက်နေ့လည်ပိုင်းမှာ ကျေးဇူးတော်ကျေးရွာထဲကို အင်အား ၃၀ ကျော်ဖြင့်ဝင်ရောက်လာပြီး၊ ဒေသခံပြည်သူ ၃ ဦးကိုဖမ်းဆီးသွားခဲ့ကာ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

“သူတို့ဖမ်းလိုက်တဲ့သူတွေက နန်းကျင်းရွာလယ်မှာအရက်ဆိုင်ဖွင့်ထားတဲ့ ကိုညီညီ ရယ်၊ ကျေးဇူတော်နဲ့ နှမ်းကျဲရွာထိပ်မှာထမင်းဆိုင်ဖွင့်ထားတဲ့ ဒေါ်တင်ခိုင်နဲ့ နောက်တယောက်ကအရင် NLD လက်ထက်ကဥက္ကဌဟောင်း ဦးထွန်းနိုင် တို့ကိုဖမ်းသွားတယ်” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

ယင်းနေ့မှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးဇူးတော်ကျေးရွာထဲသို့ အင်အား ၈၀ ကျော်ဖြင့် ထပ်မံဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူများကို လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ လူငယ်အချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ 

“ အဖမ်းခံရတဲ့သူတွေက သက်လတ်ပိုင်းတွေကြီးပဲ မိန်းကလေးတွေလည်းပါတယ်၊ ဘယ်နှစ်ယောက်ဆိုတာကတော့သေချာမသိရဘူး၊ ဘာကြောင့်ဖမ်းတာလဲဆိုတော့ သူတို့မယုံဘူးလို့စိတ်ထဲကနေထင်တဲ့သူတွေကို ဖမ်းသွားတယ်၊ ဖုန်းထဲကနိုင်ငံရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ တွေ့တဲ့သူတွေကိုလည်းဖမ်းသွားတယ်၊ တချို့ကိုတော့ပြန်လွတ်ပေးလိုက်ပြီး တချို့ကတော့ကျန်နေသေးတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့တဲ့ သြဂုတ်လမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးဇူးတော်ကျေးရွာထဲကိုဝင်ရောက်ခဲ့ပြီး၊ တပတ်ခန့်အကြာတပ်စွဲနေထိုင်ခဲ့သေးကြောင်း ဒေသခံသတင်းအရင်းမြစ်ထံမှသိရသည်။


မြေလတ်အသံ - Myaelatt Athan 

No comments:

Post a Comment