မင်းကင်း၊ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအထက်ပိုင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီခြေလျင် စစ်ကြောင်း၏ ရှေ့ပြေးတက်လာသည့် ပွိုင့်အဖွဲ့ကို စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း KPDF တပ်ရင်း(၂)၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“အဲဒီစစ်ကြောင်းက ၈ လပိုင်းကုန်လောက်က ထွက်လာတဲ့စစ်ကြောင်း။ ကားတွေကို အောက်ဘက်ရွာမှာထားပြီး ခြေလျင် ဖြည်းဖြည်းချင်း တိုးလာနေတာ။ အခုတော့ အရှေ့တောင်ကြောမှာ တပ်ဖျောက်နေကြတယ်။ နောက်နေ့တွေ အထက်ပိုင်း ကနီဘက် ဆက်တက်မလား။ အဲဒီမှာပဲ ဆက်နေမလားတော့မသိရသေးဘူးဗျ” ဟု ၎င်းက ရှင်းပြသည်။
အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းအနက် တပ်ချောင်းကျေးရွာအရှေ့ ရွှေသမင်တောင်ထိပ်သို့ တက်လာသည့် ရှေ့ပြေးပွိုင့်အဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဒေသကာကွယ်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် တပ်ချောင်း ကျေးရွာ အရှေ့နှင့် စစ်လျင်ချောင်းကျေးရွာ အရှေ့တောင်ကြောတစ်ဝိုက်တွင် တပ်ဖောက်ထားပြီး ယနေ့ညနေ ၄ နာရီအချိန်တွင် ကျော်ရွာ၌ တပ်စွဲထားသည့် ပျူစောထီး ၁၀ ဦးခန့်က ကုန်းပေါ်ကျေးရွာသို့ လာရောက်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ခဲ့သည်။
“ကျော်ရွာမှာ ပျူစောထီးတွေက အရင်ကတည်းက အထိုင်ချထားတာ။ အဲဒီကျော်ရွာက ပျူစောထီး ၁၀ ယောက် လောက်က စစ်သားနဲ့ပေါင်းပြီး အထက်ရွာကုန်းမော်က နေအိမ်တွေကို မီးရှိပြီး ဝင်ဝရွာဘက်ကို ဆက်တက်သွားတယ်လို့ သိရတယ်။ စစ်ကြောင်းကတော့ တောင်တွင်းနယ်အဆုံးကရွာနှစ်ရွာကိုရောက်နေပြီ" ဟု၎င်းကဆိုသည်။
စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေသည့် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိကျေးရွာများမှ ဒေသခံများနှင့် ကနီ မြို့နယ် အတွင်း စစ်ကြောင်း ရောက်လာနိုင်သည့် အနီးတစ်ဝိုက်ရှိ ကျေးရွာများက ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ကြိုတင် တိမ်းရှောင်နေကြရကြောင်း ဒေသခံများကဆိုသည်။
“တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်က ရှိတယ်ဗျ။ နှစ်နယ်လုံးက လမ်းပန်း ဆက်သွယ်ရေး အခက်ဆုံးဒေသတွေ ဖြစ်တဲ့အပြင် စခ၊ ပျူ(စစ်ကောင်စီတပ်သား၊ ပျူစောထီးအဖွဲ့)တွေ အထိုင်ချစခန်းတွေ ရှိတဲ့အရပ်တွေ ဖြစ်နေတာဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် ဒေသအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အစွမ်းကုန် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ကနီ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)က တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဒေသတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)နှင့်အတူ ကနီမြို့နယ် ဆယ်ရွာ ဒေသပကဖတပ်ရင်း၊ တိမ်ပျံပြောက်ကျား(တောင်တွင်းဒေသ)တပ်ဖွဲ့တို့ ပူးပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိသည်။
Lu Nge Khit

No comments:
Post a Comment