သထုံမြို့နယ် မီတာရုံးရှေ့က စစ်ကောင်စီဘန်ကာထဲ ဗုံးပစ်ထည့်


မဲခေါင်၊ စက်တင်ဘာ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လျှပ်စစ်မီတာရုံးရှေ့က စစ်ကောင်စီအဖွဲ့တွေရဲ့ လုံခြုံရေးဘန်ကာထဲ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီကနေ့မနက် ၁၀ နာရီကျော်လောက်မှာ ဗုံး ၂ လုံးပစ်ထည့်ခဲ့တယ်လို့ သိရပါတယ်။

နန်းထိုက်အောင်စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ အဲ့ဒီဗုံးပစ်ထည့်မှုမှာ ဘန်ကာထဲမှာ ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ထိခိုက်ခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) က ပြောပါတယ်။

“သူတို့ဘန်ကာက လမ်းမနဲ့ကပ်လျက်ရှိတာ၊ ကင်းကျတာက နှစ်ယောက်ထဲ ကျန်တဲ့လူတွေက မီတာရုံးထဲမှာ ရှိတဲ့အချိန်မှာ ပစ်ထည့်တာပါ” လို့ ဗုံးပစ်ထည့်ခဲ့တဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ ) က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဗုံးပစ်ထည့်ပြီး ပေါက်ကွဲသွားချိန်မှာ ဒဏ်ရာရှိတာတွေရှိပြီး မြို့တွင်းမှာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ချိန်မရလိုက်ဘူးလို့ သထုံ ပကဖ က ပြောပါတယ်။ စစ်ဆင်ရေးပြီးနောက် မြို့ပြင်မှာ စစ်ကောင်စီအဖွဲ့ပေါင်းစုံနဲ့ စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

သထုံ ပကဖ ဟာ စက်တင်ဘာ ၅ ရက် ည ၇ နာရီခန့်က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သထုံမြို့ ကြာပန်းတိုးဂိတ်နားက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ၄၀ မမနဲ့သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။


MeKong News - မဲခေါင်သတင်း

သထုံမြို့နယ် မီတာရုံးရှေ့က စစ်ကောင်စီဘန်ကာထဲ ဗုံးပစ်ထည့် သထုံမြို့နယ် မီတာရုံးရှေ့က စစ်ကောင်စီဘန်ကာထဲ ဗုံးပစ်ထည့် Reviewed by THITHTOOLWIN on 19:38 Rating: 5

No comments:

Powered by Blogger.