AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ၏ညီအရင်းအိမ်ကို စစ်ကောင်စီက ဝင်ရောက်မွှေနောက်ကာ စာရွက်စာတန်းတချို့ ယူဆောင်သွာ
မြေလတ်အသံ၊ စက်တင်ဘာ ၈၊ ၂၀၂၂။
ရက္ခိုင်တပ်တော် (AA) မှပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၏ညီအရင်းဖြစ်သူ၊ အမ်းမြို့နယ်ဒုတိုက်နယ်မှူးလည်းဖြစ်သူ နေအိမ်ကို စက်တင်ဘာလ ၆ ရက်နေ့မှာ စစ်ကောင်စီကဝင်ရောက်မွှေနောက်ကာ စာရွက်စာတန်းများကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။
အဆိုပါနေအိမ်မှာ အမ်းမြို့နယ်၊ ကျွဲဘူးတောင်ကျေးရွာမှ ဦးမောင်ခင်ဝင်း၏ နေအိမ်ဖြစ်ပြီး စစ်ကောင်စီတပ်များက ခြံတံခါးကိုဖျက်စီးကာ အိမ်ခန်းထဲရှိ သေတ္တာထဲမှစာရွက်စာတန်းများကို ယူဆောင်သွားခြင်းဖြစ်သည်ဟု ခိုင်လုံသောသတင်းရင်းမြစ်တဦးက ပြောသည်။
"စစ်သားတွေက ၆ရက်နေ့ညနေပိုင်းမှာ တန်းတင်ရွာကိုဝင်ပြီးတော့ အိမ်ထောင်စုစာရင်းတွေစစ်တယ်။ပြီးတော့ ကျွဲဘူးတောင်ရွာကိုသွားပြီး ရွာသားတွေကိုစစ်ဆေးတယ်။ တလိုင်းတောင်ရွာနားမှာ လေယာဉ်ဆီတင်လာတဲ့ကားကို AA က ဖောက်ခွဲခဲ့တာနဲ့ပတ်သက်လို့မေးတာ။ ရွာသားနှစ်ယောက်မသိဘူးလို့ ပြောတာတောင် စစ်သားတွေက ရိုက်နှက်ကန်ကျောက်ခဲ့တယ်။ ပြီးတော့ ဦးခိုင်သုခရဲ့ညီဖြစ်တဲ့အိမ်ကို လက်ခုပ်သီးခတ်ထားတာ ဖျက်ပြီးတော့ဝင်တယ်။ သေတ္တာကိုဖျက်လို့ စာရွက်တွေယူသွားတယ်။ ရွာသားတွေကိုလည်း သူနဲ့မပတ်သက်ဖို့ပြောခဲ့တယ်" ဟုဆိုသည်။
ယင်းအပြင် ဦးမောင်ခင်ဝင်းအိမ်မှထွက်လာပြီးနောက် စစ်ကောင်စီက၎င်းတို့ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူကို ခေါ်ဆောင်သွားခဲ့ပြီး နောက်တနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်သည်ဟု သိရသည်။
ကျွဲဘူးတောင်ရွာကို စစ်ကောင်စီက ဝင်ရောက်ခဲ့ခြင်းမှာ စက်တင်ဘာ ၁ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် တလိုင်းတောင်ရွာအနီး၌ စစ်ကောင်စီ၏ လေယာဉ်ဆီတင်လာသည့်ကားကို AA ကမိုင်းခွဲတိုက်ခိုက်ပြီးနောက် ဆီဗူးများနှင့်ကားတွင်ပါလာသူနှစ်ဦးကို ကျွဲဘူးတောင်ရွာကိုဖြတ်ကာ ခေါ်ဆောင်သွားခဲ့သည်ဟု သံသယဖြင့် ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု သိရသည်။
အလားတူ စက်တင်ဘာ ၆ ရက်နေ့မှာပင် မွှားကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီတင်မောင်၊ ညောင်ချောင်းကျေးရွာသား ဦးဦးဝင်အောင်နှင့် တန်းတင်ကျေးရွာသားတဦးတို့ကို စစ်ကောင်စီကခေါ်ယူမေးမြန်းခဲ့ပြီးနောက် ယနေ့စက်တင်ဘာ ၈ ရက် နေ့တွင်ပြန်လွတ်လိုက်သည်ဟု သိရသည်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment