ရေစကြို ၊ ဩဂုတ် ၁၇ ၊ ၂၀၂၂ ။
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းပေါ်က ကျေးရွာတွေကိုလာတဲ့ စစ်ကြောင်းနဲ့ PDF ၄ဖွဲ့တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က ၈ဦးသေဆုံးပြီး PDF ဘက်ကရဲဘော်တဦး လက်နက်ကြီး ထိမှန်ထားတယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၇ရက် ဒီနေ့မနက်ပိုင်း ၉နာရီလောက်မှာ ရေယှားကျေးရွာနဲ့ ငတရော်ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်သားနဲ့ ပျူ အင်အား ၆၀ ကျော်ကို စောင့်ပြီးပစ်ခဲ့တာဖြစ်တယ်လို့ ရေစကြို PDF တာဝန်ခံ ရဲဘော် ဝေကြီးက ပြောပါတယ်။
" ငတရော်ရွာအခြေမှာ ဒဲ့တွေ့တာ၊ဒဲ့တွေ့တော့ ကျနော်တို့ကဒဲ့ပစ်ရတာပေါ့၊အကုန်တက်လာကြတာမှာစောင့်ပြီးပစ်ရတာ၊ ၈ ကောင်လောက်ကအဲဒီနားမှာလဲသွားတာ၊မြင်ရတယ်၊သေမသေတော့မသိရဘူး၊သေဖို့တော့များတယ်၊ပစ်ခတ်ချိန်သိပ်မကြာဘူး၊မိနစ် ၂၀ လောက်ပဲရှိတယ်" လို့ ပြောပါတယ်။
PDF တွေဘက်က ပြန်အဆုတ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခဲ့လို့ ရေစကြို ပကဖ ရဲဘော်တဦး လက်နက်ကြီး ကျည်ထိထားပြီး အသက်အန္တရယ်မစိုးရိမ်ရသလို ကုသမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။
ဒီနေ့ည ၈နာရီအထိ စစ်ကောင်စီက ငတရော်ရွာကို မီးရှို့နေတာကြောင့် အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ရွာဟာ တရွာလုံးနီးပါး မီးလောင်သွားပြီဖြစ်တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment