NUG PDF တပ်ရင်း ၄ ခုစလုံး မောင်ပြန်တစ်လက်မှ မရှိတဲ့ ဒီပဲယင်း


သြဂုတ် ၁၆၊ ၂၀၂၂။

စစ်ကြောင်းတွေ လာချိန် မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကို သွားရောက် ကယ်ထုတ်တဲ့ ဒီပဲယင်း PDF ရဲဘော် ၄ ဦးနဲ့ ပြည်သူတစ်ဦးဟာ အခုရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီပဲယင်းမြို့နယ်ထဲကို အပြင်းအထန် စစ်ကြောင်းတွေ ထိုးလာချိန် အရေးပေါ်အခြေအနေအတွက် လက်ရေးမူနဲ့ အမြန်တင်ပေးဖို့ NUG တာဝန်ရှိသူတစ်ဦးက ပြောဆိုလာတာကြောင့် လက်နက်အတွက် စာတင်ပြီး တောင်းခံခဲ့ပေမယ့် တစ်လကျော်တဲ့အထိ တိကျရေရာတဲ့ တုန့်ပြန်မှုမျိုး မရခဲ့ပါဘူး။

ဒါပေမယ့် အဲဒီအတောအတွင်းမှာပဲ စစ်ကောင်စီတပ်တွေက ဒီပဲယင်းမြို့နယ်ထဲက နေအိမ် ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူ ၁၄ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

"လက်နက်မရှိသရွေ့ ကာလပတ်လုံးတော့ ကျုပ်တို့ ဒီပဲယင်းမြို့နယ်မှာ ဘယ်နေ့ ဘယ်အချိန် ထပ်ဝင်ပြီးတော့ ဘယ်လိုတွေ မီးထပ်ရှို့ဖျက်ဆီးမလဲ။ ပြည်သူတွေ ဘယ်လောက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရဦးမလဲဆိုတာ အမြဲ စိုးရိမ်နေရတယ်" လို့ ရွှေဘိုခရိုင် NUG PDF တပ်ရင်း ၂၁ (ဒီပဲယင်းအခြေစိုက်) တာဝန်ခံရဲဘော် ကြီးဖြိုးက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လအစပိုင်းကနေ အခုသြဂုတ်လထဲအထိ လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာတွေ၊ ရဟတ်ယာဥ်တွေနဲ့ တပ်အင်အား ချတာတွေအပြင် မြေပြင်စစ်ကြောင်းတွေနဲ့ အပြင်းအထန် စစ်ကြောင်းထိုးနေခဲ့တာပါ။ 

ဒီပဲယင်းတပ်ရင်းတွေအနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနဆီကို လက်နက်ချပေးဖို့ အရေးပေါ်တောင်းခံခဲ့တဲ့ လက်ရေးမူစာပါအရ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်အထိ ဒီပဲယင်းမြို့နယ်ထဲမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရတာ ၅၅၉ လုံးသာ ရှိခဲ့ပေမယ့် အခုလက်ရှိမှာ နေအိမ် ၁၅၀၀ ကျော်အထိ ပြာကျထားခဲ့ပြီ ဖြစ်ပါတယ်။ 

"လက်ရှိစာရင်းတွေအရက ၁၅၀၀ ကျော်နေပြီ။ ဒါတောင် မူးကမ်း-ဆူးတပ်ရွာက စာရင်းကောက်လို့ မပြီးသေးဘူး" လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အားထားရတဲ့ ရွာကြီးတွေပါ ကုန်

*****************************

ရွာပေါင်း ၃၁ ရွာက နေအိမ် ၁၅၀၀ ကျော်အထိ မီးရှို့ဖျက်ဆီးခံထားရတဲ့ ဒီပဲယင်းမြို့နယ်မှာ ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ ရွာကြီးတွေ အားလုံး ကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်မှာ အိမ်ခြေ ၁၆၈ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မူးကမ်း-ဆူးတပ်ရွာကို အခု သြဂုတ်လ ဒုတိယအပတ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အိမ်ခြေ ၄၀၀၀ လောက်ရှိတဲ့ အဲဒီရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၈ ရက်နဲ့ ၉ ရက်တွေမှာ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ 

ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မူးကမ်း-ဆူးတပ်ရွာမှာ အိမ်ခြေ ၁၀၀၀ လောက်အထိ ပြာကျသွားနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

"အမာခံဆိုတဲ့ ရွာကြီးတွေပေါ့။ ညောင်လှဆို ပြာကျသွားပြီ။ မရကန်ရွာလည်း အရှို့ခံရတယ်၊၊ နဂါးတွင်းရွာ အရှို့ခံရတယ်ဗျာ။ အခုလထဲမှာဆိုရင် အကြီးဆုံး ရွာကြီးဖြစ်တဲ့ မူးကမ်း-ဆူးတပ်ဆိုနှစ်ကြော့ပြန် အရှို့ခံရတယ်" လို့ အသက်၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ကျေးရွာကြီးတွေ မီးရှို့ဖျက်ဆီးခံထားရတဲ့ အခြေအနေကို ပြောပါတယ်။

ဒီအတိုင်း ကြည့်နေရ

*****************************

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ NUG လက်အောက်ခံ ဒီပဲယင်း PDF တပ်ရင်း ၄ ခုစလုံးမှာ မောင်းပြန်တစ်လက်မှ မရှိကြလို့ စစ်ကောင်စီတပ်တွေကို ထိပ်တိုက် ရင်ဆိုင် မတိုက်ခိုက်နိုင်ဘူးလို့ ဒေသခံတပ်ဖွဲ့တွေက ပြောပါတယ်။ 

"တူးမီးနဲ့ စခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း မိုင်းဆွဲပြီးတော့ သူတို့ကို ဟန့်တားတာပဲ လုပ်နိုင်တယ်။ အခုက အခြေအနေက ဘယ်လောက်အထိ ဆိုးရွားလဲဆိုတော့ ဝေဟင်ကနေလာတယ်၊ ပစ်တယ်ဗျာ။ နောက်တစ်ခုက မြေပြင်ကလည်း ပြည်သူတွေကို ဖမ်းဆီးပြီးတော့မှ လူသားဒိုင်း လုပ်ပြီး ဝင်နေကြတော့ သူတို့ကို မိုင်းဆွဲတိုက်ခိုက်ဖို့ ဆိုတာကလည်း ခက်ခဲသွားပြီ" လို့ ဒီပဲယင်း PDF တာဝန်ရှိသူ ရဲဘော်ကြီးဖြိုးက ပြောပါတယ်။

သူက ဆက်ပြီး "ဝေဟင်ကနေ လာပစ်တဲ့ အချိန်မှာ သူတို့ကို ခုခံတိုက်ခိုက်ဖို့ကလည်း ခက်ခဲတယ်။ ထားလိုက်တော့ဗျာ။ ဝေဟင်ကနေ လာပစ်တာကို။ မြေပြင်ကနေပြီးတော့ သူပစ် ကိုယ်ပစ်လို့ မနိုင်လို့ ကျဆုံးရတာမျိုးက လက်ခံပါတယ်။ စစ်ကို စစ်နဲ့ တူအောင် တိုက်ပြီးတော့ပေါ့လေ။ အခုက ကျွန်တော်တို့ ပြည်သူတွေက စစ်ကို စစ်နဲ့ တူအောင် တိုက်လို့ မရဘဲ ဆုံးရှုံး နစ်နာနေရတယ်။ နေအိမ်တွေ မီးရှို့တာ၊ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်တာ ဒီအတိုင်း ကြည့်နေရတယ်။ အမှန်တော့ သူလည်း လက်နက်၊ ကိုယ်လည်း လက်နက်ပေါ့နော်။ အဲဒီလို ယှဥ်ပစ်လို့ ရတဲ့ အနေအထားမျိုးသာ ရောက်ခဲ့ရင်တော့ သူမကြာဘူး။ ဒီမင်းအောင်လှိုင်စစ်တပ်က အမျိုးပြုတ်သွားမှာ" လို့ ရဲဘော်ကြီးဖြိုးက လက်နက်မပြည့်စုံတဲ့ အခြေအနေကြောင့် ပြည်သူတွေကို မကာကွယ်နိုင်တာကို မချိတင်ကဲ ပြောပါတယ်။ 

စစ်ကြောင်းတွေကို မိုင်းထောင်ပြီး ဟန့်တားနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ နည်းလမ်းတွေကို စစ်ကောင်စီတပ်တွေက လူသားဒိုင်းတွေနဲ့ အကာအကွယ် ပြုလုပ်ထားပါတယ်။

အခုသြဂုတ်လအတွင်း ဒီပဲယင်းမြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ ၅၀ လောက်ကို လူသားဒိုင်းလုပ် ပစ္စည်းတွေ ထမ်းခိုင်းပြီး တစ်ရွာဝင် တစ်ရွာထွက်စစ်ကြောင်းတွေ ထိုးနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တဲ့ မစ်ရှင်တွေကိုလည်း မလုပ်ဆောင်နိုင်တော့သလို ကျေးရွာတွေအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ တပ်တွေကို အနီးကပ် တိုက်ခိုက်ဖို့ကလည်း လက်နက်တွေ မရှိလို့ စစ်ကောင်စီတပ်တွေက ဝင်ချင်းတိုင်း ဝင်၊ ထွက်ချင်တဲ့ အချိန် ထွက် ဖြစ်‌နေတယ်လို့ ရဲဘော်ကြီးဖြိုးက ဆိုပါတယ်။

တူမီးနဲ့ စခဲ့တဲ့ PDF တွေ လက်နက်အထောက်အပံ့ရဖို့ NUG လက်အောက်ဝင်

************************

တူမီးတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စခဲ့ကြတဲ့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်တွေဟာ တော်လှန်ရေး အစပိုင်း ဆပ်ပြာကျင်းတိုက်ပွဲမှာပဲ PDF လူငယ် ၂၂ ဦးအထိ အစုလိုက် အပြုံလိုက် ကျဆုံးခဲ့ရပါတယ်။

ဒီလို အထိနာခဲ့ပေမယ့် ဒီပဲယင်း ဂဠုန်တပ်တော်ဆိုပြီး စစ်ကောင်စီတပ်တွေကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်တဲ့ နေရာမှာ နာမည်ကြီးခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်နက်ခဲယမ်း မပြည့်စုံမှုအခြေအနေတွေကြောင့် မင်းဆွေနှစ်ကျေးရွာ ဝင်စီးခံရချိန် PDF ရှစ်ဦး မီးရှို့သတ်ဖြတ်ခံရမှုနဲ့ လက်နက်တွေ တီထွင်စမ်းသပ် ပစ်ခတ်ရင်း PDF ငါးဦး ကျဆုံးခဲ့ကာ တချို့ရဲဘော်တွေ အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဲ့ နောက်မှာတော့ NUG လက်အောက်ခံ PDF တပ်ရင်းတွေအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြပါတယ်။

"ဂဠုန်ကနေ တပ်ရင်း ကျပြီးကတည်းက ဂဠုန်နာမည် မသုံးစွဲတော့ဘဲ တပ်ရင်း နာမည်နဲ့ တော်လှန်ရေး လုပ်ပါတယ်။ တပ်ရင်းနဲ့ ရင်းနံပါတ်က ဖေဖော်ဝါရီ ၁၁ ရက် ၂၀၂၂ ပါ။ ရဲဘော်တွေနံပါတ် ကျတာက ဖေဖော်ဝါရီ ၂၈ ရက် ၂၀၂၂ ပါ" လို့ ဂဠုန်တပ်တော်မှ NUG လက်အောင်ခံတပ်ရင်းတွေ ဖြစ်လာတဲ့ ကာလကို ရဲဘော်ကြီးဖြိုးက ပြောပါတယ်။

NUG PDF အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက်မှာတော့ ရဲဘော်တွေအတွက် စရိတ်ငွေနဲ့ ထုတ်လုပ်ရေးအတွက် ငွေတွေကို NUG က ချပေးထားပါတယ်။ ဒီပဲယင်းတပ်ရင်း ၄ ရင်းအတွက် အခုနှစ် ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ မေလမှာ နှစ်ကြိမ်၊

ဇွန်လနဲ့ ဇူလိုင်လတွေမှာ တစ်ကြိမ်စီ စရိတ်တွေ ချပေးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လအထိ NUG က ချပေးခဲ့တဲ့ ၄ ကြိမ်မှာတော့ ဒီပဲယင်းတပ်ရင်းတွေဟာ စုစုပေါင်း ကျပ် သိန်း ၃၄၀ ရရှိထားခဲ့ပါတယ်။

လက်နက်ချပေးဖို့ အကြိမ်ကြိမ် တောင်းခံပေမယ့် တိကျတဲ့ တုန့်ပြန်မှု မရ

****************************

ဒီပဲယင်းမြို့နယ် ကျေးရွာတွေထဲကို မုံရွာ နမခ၊ ရေဦး၊ ရွှေဘို၊အရာတော်စတဲ့မြို့နယ်တွေဘက်က စစ်ကြောင်းတွေ အကြိမ်ကြိမ် ဝင်ရောက်နေတာမို့ စစ်ကောင်စီတပ်တွေကို ခုခံဟန့်တားနိုင်ဖို့ လက်နက်တွေ ချပေးဖို့ NUG ဆီမှာ ဒီပဲယင်းတပ်ရင်းတွေက တောက်လျှောက် တောင်းခံနေခဲ့တာပါ။ 

"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဲဘော်တွေ လက်နက် တပ်ဆင်ပေးဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရွှေဘိုခရိုင်တပ်ရင်း ဒီပဲယင်းအခြေစိုက်တပ်ရင်း အနေနဲ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပမာဏမျိုးပေါ့။ ဒီပြည်သူတွေကိုကာကွယ်ပေးနိုင်မယ့် လက်နက်မျိုးလေး ၃၀ ၊ ၄၀ လောက်ဖြစ်ဖြစ် တော်လှန်ရေးကို ထိထိရောက်ရောက် လုပ်နိုင်မယ့် လက်နက်မျိုးလေး ဖြစ်ဖြစ် ထောက်ပံပေးဖို့ အကြိမ်ကြိမ် တောင်းဆိုထားခဲ့တာ ဒီနေ့ ဒီအချိန်အထိ ရှင်းလင်းတိကျတဲ့ တုန့်ပြန်မှုမျိုး မရသေးဘူးပေါ့ဗျာ" လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၁ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအစပိုင်းမှာ ဒီပဲယင်းမြို့နယ်ထဲကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်၊ ရဟတ်ယာဥ်နဲ့ တပ်အင်အားတွေ ချပြီး မြေပြင်စစ်ကြောင်းတွေနဲ့ အပြင်းအထန် စစ်ကြောင်းထိုးလာချိန်မှာ ဇူလိုင်လ ဒုတိယအပတ်တွင်းမှာပဲ လက်နက်တွေ ချပေးဖို့ လက်ရေးမူနဲ့ အရေးပေါ် ထပ်မံ တောင်းခံခဲ့ပါသေးတယ်။

"တာဝန်ရှိသူတစ်ဦးက အမြန်ရေးသားတင်ပြပါပြောလို့ လက်ရေးမူနဲ့ ရေးတင်ခဲ့တာ" လို့ NUG ထံ တင်ပြတောင်းခံခဲ့တဲ့ လက်ရေးမူစာကို ပြသရင်း တပ်ရင်း ၂၁ တာဝန်ရှိသူက ပြောပါတယ်။ 

"အဓိက လိုအပ်သော မောင်းပြန်လက်နက်များကို အသစ် မဖြစ်လျှင် နေပါစေ။ တိုက်ပွဲသုံးရသည့် လက်နက်ဖြစ်လျှင် ရပါပြီ ခဗျာ။ တော်လှန်ရေးစတင်ကတည်းက ဂဠုန်တပ်အမည်ဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ပေမယ့် ယနေ့အထိ လက်နက်တစ်လက်မျှ (မောင်းပြန်) တပ်ဆင်ချပေးထားမှု မရရှိသည့်အတွက် တတ်နိုင်သမျှ (အဆင်ပြေသလောက်) လက်နက် တပ်ဆင်ပေးပါရန် အသနားခံတင်ပြအပ်ပါသည်" စတဲ့ စာသားတွေ ပါတဲ့ ဒီပဲယင်းတပ်ရင်းတွေအတွက် လက်နက်ချပေးဖို့ အရေးပေါ် တောင်းခံခဲ့တဲ့ လက်ရေးမူစာ တင်ပြခဲ့တာဟာ တစ်လကျော်လာပေမယ့် ဘယ်လိုတုန့်ပြန်မှုမျိုးကိုမှ မရရှိသေးပါဘူး။

ပြည်သူတွေကို အကာအကွယ်ဖြစ်စေမယ့် ထောက်ပံ့မှုမျိုးအတွက် အကြောင်းပြန်သတင်းစကားကအစ NUG က တုံ့ဆိုင်းနေပေမယ့် စစ်ကောင်စီတပ်တွေကတော့ ဒီပဲယင်းမြို့နယ်ထဲကနေအိမ်တွေကို နေ့တိုင်းနီးပါး မီးရှို့ဖျက်ဆီးနေပါတယ်။

တစ်နေ့ထက်တစ်နေ့ အိမ်ခြေရာခြေမဲ့ မီးဘေးသင့်ပြည်သူတွေ ပိုများလာသလို အခုလ သြဂုတ် ၂ ရက်ကနေ ၁၃ ရက်အထိ ရက်ပိုင်းအတွင်းမှာလည်း ပြည်သူ ၁၄ ဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။

ဒါ့အပြင် စစ်ကြောင်းတွေမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ပြည်သူ ၅၀ ဦးလောက်ဟာ ၁၀ ရက်ကျော်အထိ ပြန်မလွတ်လာသေးပါဘူး။ 

"တော်လှန်ရေးက စိတ်ပျက်စရာကို ဖြစ်နေပြီ။ ဖြစ်လာတိုင်း မီးရှို့တယ်။ ဖျက်ဆီးတယ်ဗျာ။ ပြည်သူတွေ ဖမ်းဆီးခံရတယ်။ သတ်ဖြတ်ခံရတယ်ဗျာ။ ဒီအတိုင်း ကြည့်ကြည့်နေရတယ်" လို့

ရွှေဘိုခရိုင် တပ်ရင်း၂၁ တာဝန်ရှိသူ ရဲဘော်ကြီးဖြိုးက စိတ်ပျက်အားလျော့စွာ ပြောဆိုပါတယ်။


သံလွင်ခက် - Than Lwin Khet News

NUG PDF တပ်ရင်း ၄ ခုစလုံး မောင်ပြန်တစ်လက်မှ မရှိတဲ့ ဒီပဲယင်း NUG PDF တပ်ရင်း ၄ ခုစလုံး မောင်ပြန်တစ်လက်မှ မရှိတဲ့ ဒီပဲယင်း Reviewed by THITHTOOLWIN on 23:21 Rating: 5

No comments:

Powered by Blogger.