ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော


Aug 13,2022

ရှဒူးဇွပ် စံပြကျေးရွာ ပြည်သူများကြား စခန်းချထားသော စံပြပြည်သူ့စစ်စခန်းကို KIA မှ တစ်ဖန် ပြန်လာတိုက်မည်ဆိုပါကပြည်သူ လူထုကို ငဲ့ညှာသွားမည်မဟုတ်ကြောင်း ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်က ပြောဆိုလိုက်သည်။

ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် စံပြနှင့် အောင်ရာ ကျေးရွာမှ ရပ်မိရပ်ဖ ၃ ဦးကို ၎င်းတို့၏ စံပြ ပြည်သူ့စစ် စခန်းသို့ ခေါ်ယူပြီးနောက် ယခုလို သတိပေးပြောဆိုခဲ့ကြောင်း ရပ်မိ ရပ်ဖ ၃ ဦးနှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

"မင်းဇင်သန့် ခေါ်တွေ့ခဲ့တဲ့ ရွာခံ၃ယောက်ကို ရွာအတွင်း KIA ဝင်ရောက်လာတာကိုလည်း မပြောဘူးဆိုပြီး ဒေသထွက်နေတယ်တဲ့။ အဲ့ကြောင့် နောက်တစ်ခါ ဒီလိုမျိုးပြန်ဖြစ်လာရင် သူတို့ကို အဆိုးမဆိုနဲ့လို့ သတိပေးလိုက်တယ်တဲ့" ဟု ပြောဆိုသည်။

KIA အဖွဲ့မှ ဩဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်း ၃ နာရီ ဝန်းကျင် စံပြ ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်ရန် ပြည်သူ့စစ် တပ်စခန်းအနီး နေရာယူခြင်း၊ အင်အား မည်မျှရှိကြောင်းကို ဝေဟင်ပေါ်မှ Drone ဖြင့် ကွင်းကွင်းကွက်ကွက် မြင်တွေ့ရကြောင်းလည်း မင်းဇင်းသန့်က တွေ့ဆုံမှုတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တပ်ဆုတ်သွားသော ဝေဟင်ရုပ်ပုံများကိုလည်း ဝရာဇွပ်ပြည်သူ့စစ်၏ Telegram တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးသွားသည့် အောင်ရာနှင့် စံပြကျေးရွာ ၂ခု နေအိမ်ပိုင်ရှင်များကိုလည်း စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က တစ်အိမ်ထောင်လျှင် ငွေ ငါးသောင်းကျပ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ရှဒူးဇွပ်၊ စံပြ ရှိ ပြည်သူ့စစ်စခန်းနှင့် စစ်ကောင်စီစခန်းများကို KIA မှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု သိရသည်။


Kachin News Group

ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.