(ဩဂုတ်လ ၁၂ ရက်)
ရန်ကုန်တိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထဲမှ အောင်မြင်ကျော်ကြား လူသိများလာခဲ့သော တပ်ဖွဲ့တစ်ခုဖြစ်တဲ့ From Zero To Hero (ZTH) အဖွဲ့ဝင် (၂)ဦးအပါအဝင် ပြည်သူ (၁)ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး သေဒဏ်ချမှတ်ခံထားရတယ်လို့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
အဆိုပါ ZTH တပ်ဖွဲ့ဝင် (၂)ဦးနဲ့ ပြည်သူတစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က လက်နက်ဝယ်ယူရန်သွားစဉ် စစ်ကောင်စီတပ်တွေရဲ့ စောင့်ကြိုဖမ်းဆီးခြင်းကို ခံခဲ့ရတာလည်းဖြစ်ကာ ယခုအချိန်တွင် ဖမ်းဆီးခံရသူ (၃)ဦးထဲမှ ခေါင်းဆောင်ဖြစ်သူ ကိုမျိုးကျော်ဝင်း(ခေါ်)မန္တလေးသားနှင့် ကိုရဲကျော်အောင်(ခေါ်) ကုလားလေးတို့ (၂)ဦးဟာ သေဒဏ်ချမှတ်ခံရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
" သေဒဏ်က ဖမ်းခံရတဲ့ (၃)ဦးလုံးတော့မဟုတ်ဖူး ခေါင်း ဆောင်နဲ့ ရဲဘော် (၂)ဦးပါ ယာဉ်မောင်းကတော့ သေဒဏ်ထဲမှာမပါဘူး သူတို့သေဒဏ်ကျခံရတာ သိသိချင်းထဲက ကျွန်တော်တို့ သက်ဆိုင်ရာတွေနဲ့ လိုက်လံချိတ်ဆက်ပါတယ် ခက်တာက သူတို့ရဲ့ Data အစုံအလင်ရဖို့နဲ့ မိသားစုဝင်တွေကို ချိတ်ဆက်ဖို့ခက်ခဲနေတယ် နောက်ပြီးသူတို့က ရန်ကုန်ကမဟုတ်ကြဖူး အဲ့တော့ အကူအညီပေးနိုင်သူကို မနည်းရှာနေရတယ် အဲ့ဒါကြောင့် အကူအညီပေးနိုင်မဲ့သူဖြစ်ဖြစ် တကယ့် အကြီးပိုင်း ဌာနတွေနဲ့ AAPP တို့သိရင် သက်သာမလားဆိုတဲ့ မျှော်လင့်ချက်လေးပဲရှိတော့တယ်လို့ " ၎င်းတို့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
လက်ရှိချိန်တွင် ဖမ်းဆီးခံထားရသော (၃)ဦးလုံးဟာ အင်းစိန်ထောင်တွင် အကူအညီမဲ့စွာ ရှိနေပြီး သေဒဏ်ကျခံရသူ (၂)ဦးကို ထောင်ယူနီဖောင်းလဲကာ သီးသန့်ထားရှိထားတယ်လို့ သိရှိရပါသည်။
HTY Information

No comments:
Post a Comment