ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် ခြောက်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ နီးပါးသေသည်ဟု CJDC ထုတ်ပြန်

ပုံ - ၂၀၂၂ ခုနှစ် ဇွန်လက ကလေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့

ဩဂုတ် - ၁၂၊ ၂၀၂၂။

ချင်းပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ထိတွေ့တိုက်ပွဲ အကြိမ် ၂၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၂၇ ဦးသေဆုံးခဲ့ကာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၃ ဦးကျဆုံးခဲ့ကြောင်း Chinland Joint Defense Committee (CJDC)က ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်က ဝင်ရောက်လာသောကြောင့် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး ထန်းတလန်မြို့နယ်နှင့် ဟားခါးမြို့နယ်ကြားရှိ သီမစ်ချောင်းအနီးတွင် CJDC တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့်ရှိပြီဟု CJDC အထွေထွေအတွင်းရေးမှူး ဦးဆလှိုင်း တင်မီထွဋ်ကThe 74 Media ကိုပြောသည်။

“လောလောဆယ်အနေနဲ့ ချင်းပြည်နယ်မြောက်ပိုင်းမှာဆိုလို့ရှိရင် ထန်တလန်နဲ့ဟားခါးကြား တိုက်ပွဲဖြစ်တာ အခုဆိုလို့ရှိရင် တစ်ပတ်နီးပါးရှိပါပြီ။ ဟိုနေ့က ဖလမ်းမြို့ဘက်ကနေ ရိဒ်စခန်းပေါ့နော် အိန္ဒိယနယ်စပ်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ ပူးပေါင်းတပ်ကနေ စခန်းကိုထိုးစစ်ဆင်ခဲ့တာပါ” ဟုသူကပြောသည်။

ခြောက်လအတွင်း တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့် ဟားခါးမြို့နယ်တွင် ၄၅ ကြိမ်၊ ဖလမ်းမြို့နယ်တွင် ၄၄ ကြိမ် နှင့် မင်းတပ်တွင် ၃၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အနည်းဆုံအနေဖြင့် တွန်းဇံမြို့နယ်တွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ ချင်းပြည်နယ် မြို့နယ်ကိုးခုတွင် မပါဝင်သော်လည်း CDF တပ်ဖွဲ့ဝင်ဖြစ်သည့် Kalay – Kabaw – Gangaw (CDF – KKG) တွင်လည်း တိုက်ပွဲ ၂၃ ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြားဖြစ်ပွားခဲ့သည့် အသေးစား ထိတွေ့တိုက်ပွဲများ၊ စနိုင်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှုများနှင့် မြို့တွင်းလှုပ်ရှားမှုများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိကြောင်း သူကဆက်ပြောသည်။

“တိုက်ပွဲအသေးစားတွေကို ကျွန်တော်တို့ဒီစာရင်းထဲမှာမထည့်ထားပါဘူး။ ထန်တလန်တို့ဘက်ဆိုနေ့တိုင်းလိုလို စနိုက်ပါနဲ့ပစ်တယ်။ ဘာညာတိုက်ပွဲသေးတွေက အများကြီးဖြစ်တယ်။ အဲ့တာတွေကို အသေးစိတ် မထည့်ထားဘူး။ နောက်ပြီးတော့ မြို့တွင်းစစ်ဆင်ရေးတွေကို လုံးဝမထည့်ထားပါဘူး” ဟုသူကပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူအများစုမှာ နီးစပ်ရာရွာများ၊ တောင်ယာနှင့် တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီသေဆုံးသည့်အရေအတွက်နှင့် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးသည့် အရေအတွက်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

Chinland Joint Defense Committee (CJDC) အဖွဲ့မှာ ချင်းပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ ဖြင့် ပူးပေါင်းဖွဲ့စည်းထာသောအဖွဲ့ဖြစ်ပြီး ထိုအဖွဲ့တွင် စစ်ကိုင်းတိုင်းရှိ CDF- Kalay -Kabaw-Gangaw (KKG)တပ်ဖွဲ့လည်း ပါဝင်သည်။ 

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၀ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် ငါးဦးသေဆုံးခဲ့သည်။


The 74 Media 

ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် ခြောက်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ နီးပါးသေသည်ဟု CJDC ထုတ်ပြန် ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် ခြောက်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ နီးပါးသေသည်ဟု CJDC ထုတ်ပြန် Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.