မုံရွာအခြေစိုက်တော်လှန်ရေးအဖွဲ့ စီးနင်းခံရသောကြောင့် လက်နက်များနှင့်စခန်းဆုံးရှုံးခဲ့ပြီး ရဲဘော်သုံးဦးကျဆုံး
မုံရွာ၊ သြဂုတ် ၁၂
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် God Of Snake အဖွဲ့ ၏ ပင်မစခန်း ကို ဩဂုတ်(၈)ရက်က ဝင်ရောက် စီးနင်းခံရပြီး ရဲဘော်(၃)ဦးကျဆုံးကာလက်လုပ် သေနတ်များနှင့်စခန်းတစ်ခုလုံးဆုံးရှုံးခဲ့ရကြောင်း God Of Snake အဖွဲ့ မှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်(၈)ရက်တွင် မုံရွာမြို့နယ် သပြေပင်စုကျေးရွာအနီးရှိ God Of Snake စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား(၄၀)ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းမှ (၇.၆၂ကျည်နှင့် ရိုင်ဖယ် ၉ မမ ကျည် ထည့်ပစ်နိုင်သည့်) လက်လုပ် သေနတ် ၂၆ လက်၊ မိုင်း အလုံး ၂၀၀၊ ဆိုင်ကယ်(၈)စီးနှင့် စားနပ်ရိက္ခာများကိုပါ သိမ်းယူသွားပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းတည်နေရာကို စစ်ကောင်စီ ဖမ်းဆီးခဲ့သည့် God Of Snake ရဲဘော် (၂)ဦးကို လိုက်လံပြသခိုင်းခြင်းဖြစ်ပြီး စခန်းသိမ်းခဲ့ပြီးနောက် ရဲဘော်များကို သတ်ဖြတ်ခဲ့သည်။
"ကျဆုံးသွားတဲ့ရဲဘော်သုံးယောက်ထဲက နေရာလိုက်ပြရင်းကျသွားတဲ့ ရဲဘော်(၂)ဦးက အရင်သင်တန်းဖွင့်တုန်းက သင်တန်းဆင်းပြီးတဲ့ရဲဘော်တွေဖြစ်ပါတယ်" ဟု ဆရာကြီးက ပြောသည်။
အဆိုပါ ကျဆုံးခဲ့သည့်ရဲဘော်(၃)ဦးကို အကြမ်းဖက်စစ်ကောင်စီမှ ခေါင်းများကွဲသည့်အထိ ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းများကို မြေမြှပ်ဖုံးဖိထားခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန် ထားသည်။
ကျဆုံးရဲဘော်(၃)ဦးမှာ ရဲဘော်ကိုဖက်တီး၊ရဲဘော် ကိုသွေးကြောနှင့် ရဲဘော်ကိုဒေးဗစ်တို့ ဖြစ်သည်။
ထိုကြောင့် အဖွဲ့ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့မှုများလိုအပ်နေပြီး မောင်းပြန်သေနတ်များလည်း လိုအပ်နေကြောင်း God Of Snake အဖွဲ့ ခေါင်းဆောင် ဆရာကြီးကလူငယ့်ခေတ်သို့ပြောသည်။
"စခန်းက ပစ္စည်းတွေအားလုံးပါသွားတယ်၊ရဲဘော်(၃)ဦးကျဆုံးခဲ့တယ်။မောင်းပြန်အစစ် တစ်လက်တော့ဝယ်ချင်တယ်။ ထောက်ပံ့မှုတွေလိုအပ်နေပါတယ်။ ပြန်လည်ထူထောင်ဖို့ ကြိုးစားရဦးမယ်" ဟု ဆရာကြီးက ပြောသည်။
Lu Nge Khit

No comments:
Post a Comment