ကန့်ဘလူ၊ ဩဂုတ် ၁၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ဇီးကုန်းမြို့က အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း နာမည်ကြီးနေသူတဦးကို သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားတယ်လို့ Infinity Group တာဝန်ရှိသူတဦးက ပြောပါတယ်။
အသက် ၅၀ နှစ်အရွယ် ဦးညိုဝင်းနိုင်(ခ)ငရွှီးဟာ ဩဂုတ်လ ၁၇ ရက် ဒီကနေ့ မနက် ၅ နာရီခွဲက လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း သေနတ်နဲ့ပစ်ခံရတာဖြစ်ပြီး၊ ဆီးခုံထိမှန်သွားတဲ့အတွက် ဆေးရုံပို့နေတဲ့လမ်းမှာပဲ သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“ဈေးထိပ်က လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ပစ်ခံရတာ၊ သူထိုင်တဲ့ရပ်ကွက်ရုံးက အဲ့ဈေးနားမှာပဲ၊ ချက်ချင်းသေသွားတာထပ်စာရင် အခုလို ဖြေးဖြေးချင်း ခံစားပြီးမှသေသွားတာလဲ ကောင်းပါတယ်၊ ဒီနေ့ တမြို့လုံး နိဗ္ဗာန်ပဲ၊”လို့ IG အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ညိုဝင်းနိုင်ဟာ မြို့ပေါ်မှာ နေ့တိုင်းကင်းပတ်ကာ၊ မြို့နေပြည်သူတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေကိုတားပြီး ငွေညှစ်တာတွေ၊ မတရားသိမ်းယူတာတွေ လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
“နေ့တိုင်း ဂိတ်ထိုးစစ်တယ်၊ ဆိုင်ကယ်၊ ကားတချို့ သိမ်းပြီး စစ်သားတွေရော ရဲတွေရော မပေးဘူး၊ သူတို့ပျူတွေပဲယူတာ၊ စစ်သားတွေနဲ့လည်းအချင်းချင်း မတည့်ကြဘူး၊ သူက သူ့ကိုယ်သူ ဘုရင်ရူး ရူးနေတာ၊ သူတို့ပျူတွေကို စကစဘက်က ပစား ပေးထားတော့ ချိုကြွနေကြတာလဲပါတယ်၊”လို့ သူကဆိုပါတယ်။
ပစ်ခတ်မှူဖြစ်ပြီးနောက် မြို့ပေါ်မှာ စစ်ကောင်စီက အင်အားထပ်တိုးချထားပြီး၊ အုပ်ချုပ်ရေးမှူးရုံးကိုလည်း သော့ခတ်ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment