မဲခေါင်၊ ဩဂုတ် ၁၅
ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် ဆိုင်ကယ် သူခိုးများ သောင်းကျန်း နေသော်လည်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း မရှိသဖြင့် ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်းဈေး အနီးရှိ ဘိလိယက်ခုံရှေ့ ရပ်ထားသော ဆိုင်ကယ်အား ယမန်နေ့ ညက အမျိုးသား ၂ ဦး ခိုးယူ ထွက်ပြေး သဖြင့် ပြည်သူများက လိုက်လံ ဖမ်းဆီးခဲ့ရာ ဘိလိယက်ခုံ ဘေးလမ်းကြား၌ ဖမ်းမိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ည ၈ နာရီ ထိုးခါနီးလောက်မှာ လာခိုးတာ။ ဈေးအပေါ် ကွေ့နားက ဘိလိယက်ဆိုင် ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို လာခိုးတာ။ သိသိချင်း ဘိလိယက် ထိုးနေတဲ့ လူတွေ လူခွဲပြီး လိုက်ရှာတော့ အဲလမ်းကြား ထဲမှာပဲ ဖမ်းမိတယ်။ ကလော ကနေ လာခိုးတာလို့ ပြောတယ်။ ရပ်ကွက်ထဲက လူကြီးတွေက ဘာမှ မလုပ်ပါနဲ့၊ ရဲစခန်း အပ်လိုက်ပါ ဆိုတော့ အပ်ပေးလိုက်တယ်" ဟု ၎င်းကပြောသည်။
စစ်အာဏာသိမ်း ပြီးနောက် တောင်ကြီးမြို့တွင် ဆိုင်ကယ် သူခိုးများ သောင်းကျန်းနေ သော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခြင်း မရှိကြောင်း တောင်ကြီး အမှတ် (၂) ရဲစခန်းဝန်း အတွင်း ရပ်ထားသည့် ရဲတပ်ဖွဲ့ မိသားစုဝင်၏ ဆိုင်ကယ် ဇွန်လ ၂၈ ရက်၊ ည ၁၁ နာရီဝန်းကျင်က ခိုးယူ ခံခဲ့ရကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ဇွန်လအတွင်းက တစ်ရက် ပျှမ်းမျှ ဆိုင်ကယ် ၁၀ စီးထက် မနည်း ခိုးယူခံနေရပြီး ဆိုင်ခန်း ၂ ခန်း ဖောက်ထွင်း ခိုးယူ ခံရမှုကြောင့် ပြည်သူများ မလုံခြုံမှု ခံစားနေရကာ ဆိုင်ကယ် ပျောက်မည်ကို နေ့စဉ် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
အာဏာသိမ်း စစ်တပ်၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် စစ်တပ်များစွာနှင့် ပြည်နယ်ရဲရုံး၊ ခရိုင်ရဲရုံးတို့ တည်ရှိရာ တောင်ကြီးမြို့တွင် စစ်အာဏာသိမ်း ပြီးနောက် ခိုးဆိုးလုနှိုက်များ ပေါများလာကြောင်း ဒေသခံများ ထံမှ သိရသည်။
MeKong News - မဲခေါင်သတင်း

No comments:
Post a Comment