ပေါင်းတည်၊ သြဂုတ် ၁၈၊ ၂၀၂၂။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ကျေးရွာနှစ်ရွာမှာ သြဂုတ်လ ၁၀ ရက်ဝန်းကျင်က ဒလန်လို့ နာမည်ကြီးတဲ့အမျိုးသားနှစ်ဦး သတ်ဖြတ်ခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
ကိုင်းကွင်းအုပ်စု၊ ကိုင်းကွင်းကျေးရွာက ကိုကျော်ကျော်လွင်(ခ)မွတ်တားဆိုသူနဲ့ သစ်ပုတ်အုပ်စု၊ လက်ပံခုံရွာက ကိုကျော်ကျော်ဦး ဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ်။
"ဘယ်နေ့က အသတ်ခံရတယ်ဆိုတာတော့ မသိဘူး၊ ကိုင်းကွင်းက ကျော်လွင်ရဲ့ အလောင်းက သတ်ပြီးလျိုထဲပစ်ချထားတာလို့ ကြားတယ်၊ ဓါးနဲ့ ခုတ်ခံရတယ်လည်း ပြောတယ်၊ လက်ပံခုန်က တယောက်လည်း အသတ်ခံရတယ်ကြားတယ်၊ ဘယ်သူသတ်လည်းဆိုတာတော့ မသိဘူး၊ အလောင်းတွေပုတ်ပွနေပြီလို့ ကြားတယ်၊"လို့ ဒေသခံတဦးကပြောပါတယ်။
သူတို့ကို ဘယ်နေ့ကအသတ်ခံရတာနဲ့ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး။
ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း သူတို့သတ်ဖြတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုံရွာမှာ ဒလန်လို့ သတင်းကြီးသူတဦးကိုလည်း ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်က သုတ်သင်ခံခဲ့ရသလို ဇွန်လ ၂၅ ရက်ကလည်း ကျောက်တံခါးအုပ်စု၊ အလယ်ရွာမှာ ဒလန်လို့ကျော်ဇောသူတဦးကိုလည်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် ၃၆၀၁ တပ်ခွဲ ၁ က ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment