ယင်းမာပင်တွင် တိုက်ပွဲဖြစ်သည့်နေရာအနီး ပြည်သူ ၆၀၀ ခန့်ပိတ်မိနေ


ယင်းမာပင် - ဩဂုတ် ၁၂၊ ၂၀၂၂။

စစ်ကောင်စီတပ်နှင့် CJDC တို့ကြား ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းမာပင်မြို့နယ်တွင် တပ်စွဲထားသောကြောင့် ပြည်သူ ၆၀၀ ခန့် ပိတ်မိနေကြောင်း သိရသည်။

ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် အင်အား ၇၀ ခန့်က ရွာအတွင်းဝင်ရောက်တပ်စွဲထားကာ ပြည်သူအချို့ကို ဖမ်းထားသောကြောင့် ပိတ်မိနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့်ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ပိတ်မိနေတာပြည်သူတွေ မနေ့ နေ့လယ်တစ်နာရီထဲက ရွာဖျားလောက်မှာရှိတဲ့သူတွေပဲ ထွက်ပြေးနိုင်တာပါ။ ရွာတစ်ရွာလုံးကို ဝိုင်းထားတဲ့အချိန်ကို အဲ့မှာမပြေးနိုင်တဲ့သူတွေကို ဘုရားထဲတွေ ဘုန်းကြီးကျောင်းတွေမှာ ခေါ်ထားတာတဲ့။ လက်ရှိအချိန်မှာတော့ သူတို့(စကစ)ရွာထဲမှာပဲရှိသေးတယ် ရွာထဲလူတွေနဲ့တော့ အဆက်အသွယ် မရသေးဘူး” ဟုပြောသည်။

ပိတ်မိပြည်သူများတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါဝင်ပြီး လူငယ်များနှင့် လူလတ်ပိုင်းများကို ရိက္ခာထမ်းရန်ခေါ်သွားကြောင်း သူကဆက်ပြောသည်။

“အသက်ကြီးတဲ့ သူတွေနဲ့ ကလေးငယ်တွေကိုတော့ ပြန်လွှတ်ပေးတယ်။ အသက် ၁၅၊ ၁၆ အထက် အရွယ်တွေကိုကတော့ ခေါ်ထားတယ်။ ကုန်ထမ်းဖို့အတွက်ခေါ်ထားတယ်တဲ့” ဟုသူကပြောသည်။

CDJC တပ်ဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားသော ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်းကျေးရွာကို ရွာအပြင်မှ ဝိုင်းထားကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် CJDC တပ်ဖွဲ့ကြား ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ပြည်သူသေဆုံးမှုများရှိပြီး အကျအဆုံးအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းအရ အိမ်ထောင်စု ၂၉၅၀၀ ကျော်ရှိပြီး လူဦးရေ တစ်သိန်းလေးသောင်းခန့်နေထိုင်သည်။


The 74 Media 

ယင်းမာပင်တွင် တိုက်ပွဲဖြစ်သည့်နေရာအနီး ပြည်သူ ၆၀၀ ခန့်ပိတ်မိနေ ယင်းမာပင်တွင် တိုက်ပွဲဖြစ်သည့်နေရာအနီး ပြည်သူ ၆၀၀ ခန့်ပိတ်မိနေ Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.