ရန်ကုန်၊ ဩဂုတ် (၁၂)
အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှာ နိုင်ငံခြားအရန်ငွေ ပြတ်လုနီးပါးဖြစ်နေပြီး ပြည်ပနိုင်ငံအချို့ မှ ချေးငွေရယူရန် ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။
"လတ်တလော နိုင်ငံခြားအရန်ငွေ ပြတ်လုနီးပါးဖြစ်နေပြီး ကြံရာမရဖြစ်နေတဲ့ အကြမ်းဖက်စစ်တပ်က ပြည်ပနိုင်ငံတချို့ကနေ ချေးငွေရယူဖို့ကြိုးစားနေတာ ကြားသိမြင်နေရတဲ့အတွက် သက်ဆိုင်ရာနိုင်ငံများထံ ထပ်မံ တရားဝင် အသိပေးအကြောင်းကြားသွားမယ်"ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့ ဩဂုတ်(၁၂)ရက်နေ့ ညပိုင်း၌ ၎င်း၏ Facebook လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြည်သူများကို ထိုကဲ့သို့အသိပေးခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ရယူရန်ကြိုးပမ်းနေသည့် ချေးငွေများကို အသိအမှတ်ပြုမည်မဟုတ်သကဲ့သို့ ပြည်သူများကလည်း ပြန်လည်ပေးဆပ်မည်မဟုတ်ကြောင်း "ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ"တွင် တရားဝင် အတိအလင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံခြားသံရုံးများထံ ပြဌာန်းထားပြီးဖြစ်သည့်ဥပဒေကို ထပ်မံပေးပို့ပြီး အကြမ်းဖက်စစ်တပ်နှင့်ကင်းကင်းရှင်းရှင်းနေကြရန် အသိပေးအကြောင်းကြားနိုင်ရေး ဆောင်ရွက်နေကြောင်းဝန်ကြီးက အသိပေးထားသည်။
လက်ရှိအချိန်၌ အကြမ်းဖက်စစ်တပ်သည် အမေရိကန်ဒေါ်လာများကို ရနိုင်သမျှ သိမ်းယူနေသည့်အတွက် အာဏာမသိမ်းမီကရှိခဲ့သည့် နိုင်ငံခြားအရန်ငွေ ဒေါ်လာ (၆) ဘီလီယံကျော်မှာ တစ်ဝက်ပင်မကျန်နိုင်တော့ကြောင်း သုံးသပ်မှုများရှိနေသည်။
အာဏာသိမ်းမှုကို အာဏာဖီဆန်၍ CDM ပြုလုပ်ထားသည့် ဗိုလ်ကြီးများကလည်း စစ်တပ်က လေကြောင်းမှ တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း ဒေါ်လာသိန်းနှင့်ချီ ကုန်ကျနေသည်ဟု မီဒီယာများသို့ ပြောဆိုထားကြသည်။
Lu Nge Khit

No comments:
Post a Comment