တနင်္သာရီ ကော့မပြင်းမှာ တိုက်ပွဲ ပြင်းထန်နေ

ဓာတ်ပုံ - တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေး အင်အားစု(S.W.D.F) တပ်ဖွဲ့ဝင်များ

တနင်္သာရီ ၊ သြဂုတ် (၂၀)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအနီးမှာ သြဂုတ် ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေး အင်အားစု(S.W.D.F)က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်က တပ်အင်အား ၄၀ လောက်နဲ့ စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့အတွက် တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေး အင်အားစု(S.W.D.F)တို့ကြား နှစ်ဖက်တိုက်ပွဲ  ဖြစ်ပွားခဲ့တာပါ။

သြဂုတ် ၁၉ ရက်နေ့ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီထိ ၃ နာရီကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ သြဂုတ် ၂၀ ရက်နေ့ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေး အင်အားစု(S.W.D.F) တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ ညနေ ၄ နာရီအချိန်ထိ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ကော့မပြင်းတိုက်ပွဲကြောင့် အနီးအနား ကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။


Than Lwin Times 

တနင်္သာရီ ကော့မပြင်းမှာ တိုက်ပွဲ ပြင်းထန်နေ တနင်္သာရီ ကော့မပြင်းမှာ တိုက်ပွဲ ပြင်းထန်နေ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.