စစ်ကိုင်း၊ သြဂုတ် ၁၈၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပေါ်က တန်ပိုတိုးဂိတ်နားမှာ မိုင်းလာရှာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF - South Monywa အဖွဲ့ရဲ့ တာဝန်ရှိသူ Daung Karyan က မြေလတ်အသံကိုပြောပါတယ်။
သြဂုတ်လ ၁၈ ရက် ဒီကနေ့ မနက် ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီအင်အား ၅၀ ခန့်နဲ့ မိုင်းလာရှာချိန် မြှုပ်ထားတဲ့ ပဒေသာမိုင်း ၃ လုံးကိုတွေ့ပြီး တူးဖော်ယူသွားစဉ် မိုင်းခွဲခံရတာဖြစ်ပြီး၊ ၅ ဦး ပွဲချင်းပြီးသေဆုံးကာ မိုင်းစမှန်လို့ စစ်သားအများအပြား ဒဏ်ရာပြင်းထန်ရကြတယ်လို့လည်း သိရပါတယ်။
“လမ်းမှာ ကျနော်တို့ပွိုင့်ကိုတွေ့ပြီး ဂျန်ပါကားထိုးပြီး ဖော်ကြတယ်၊ ကြိုးတန်းလန်းနဲ့မိုင်းတွေကိုသယ်လာတာ၊ ဂျန်ပါကားက ရှိနေရင် အနီးတဝိုက်မှာ ဖုန်းလိုင်းမရဘူးဗျ၊ control လည်းမရဘူး၊ လိုင်းမှန်သမျှဖြတ်တောက်တဲ့ပစ္စည်း၊ ကျနော်တို့မိုင်းတွေက အထူးလုပ်ထားတာ ဂျန်ပါလွတ်တယ်၊ ခွဲလိုက်တော့ လက်ထဲမှာတင် မိုင်းကထပွင့်တာ၊ အပိုင်းပိုင်းအပြတ်ပြတ်ပဲ၊” လို့ အဆိုပါရဲဘော်က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့ပြီး၊ သေဆုံးစစ်သားအလောင်းတွေကိုတော့ လူနာတင်ကား ၂ စီးနဲ့ မုံရွာဘက်ကို ပြန်သယ်သွားကြတယ်လို့လည်း ဆိုပါတယ်။
ခုလက်ရှိ မုံရွာ-ချောင်းဦးလမ်းပေါ်မှာ မုံရွာဘက်ကနေ စစ်ကား ၅ စီးနဲ့ အင်အား ၁၀၀ ကျော် လာရောက်အင်အားဖြည့်ထားပြီး၊ အဲ့ဒီနေရာတဝိုက်မှာ မိုင်းဆက်ရှာနေကြတယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment