ရေဦးနယ် ဇေယျဝတီရွာအနီးတွင် စစ်ကောင်စီတပ် သုံးရက်အတွင်းနှစ်ကြိမ် တိုက်ခိုက်ခံရ/ဇေယျဝတီရွာရှိ နေအိမ် ၅၀ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား
![]() |
(အာဏာသိမ်းပြီး နောက်တစ်နေ့ နေပြည်တော်တွင်တွေ့ရသော စစ်ကောင်စီ တပ်သားများ၊ ဓာတ်ပုံ - EPA) |
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ဇေယျဝတီကျေးရွာအနီး၌ စစ်ကောင်စီတပ် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် အဆိုပါကျေးရွာ နေအိမ် ၅၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
သြဂုတ် ၁ဝ ရက်က ရေဦးမြို့နယ်၊ ကုန်းသာရွာအနီး ရဟတ်ယာဥ်ဖြင့်ချထား ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် ကုန်းသာ၊ရွာသစ်၊ချမ်းသာ၊တောင်ခွင်၊ငှက်ပျောတော၊ကွမ်းအုံ၊မကျည်းကုန်းနှင့် ဒေါင့်ဒိုးကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်သည် သြဂုတ်၁၃ ရက် နံနက် ၉နာရီခန့်တွင် ဇေယျဝတီကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။ ထိုစစ်ကြောင်းကို ဇေယျဝတီရွာ အဝင်တွင် လက်နက်ကြီးနှစ်ချက်တိတိဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား သုံးဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာ ရနိုင်ကြောင်း FREEDOM REVOLUTION FORCE(FRF)တပ်ဖွဲ့က အသိပေးသည်။
စစ်ကောင်စီတပ်သည် ဇေယျဝတီကျေးရွာအား သုံးရက်တိုင်တိုင် နေထိုင်ပြီးနောက် မီးတင်ရှို့ရာ နေအိမ် ၅၄လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
"ဇေယျဝတီရွာကို သုံးနေရာလောက်ခွဲရှို့ခဲ့တာလို့ သိရပါတယ်ဗျ။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့(သြဂုတ် ၁၅ရက်) နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်သည် ဇေယျဝတီရွာမှ ဒီပဲယင်းမြို့နယ် ဆင်ရောက်ကြီးကျေးရွာဘက်ကို ထွက်ခွာလာခဲ့သည်။ အဆိုပါ စစ်ကြောင်းကို လက်နက်ကြီးဖြင့် သုံးချက်ပစ်ခက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ အသေအပျောက်နှင့် ဒဏ်ရာရရှိမှုရှိနိုင်ကြောင်း FREEDOM REVOLUTION FORCE(FRF)တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ရေဦးနယ်မှ ဒီပဲမြို့နယ်အနောက်ခြမ်းသို့ ကူးလာခဲ့ပြီး အောင်သာကျေးရွာ ကို ဝင်ရောက်မွှေနှောက်ကာ နဂါးတွင်းအုပ်စု ဘော်ကုန်းရွာ တွင် တပ်စွဲနေ၍ အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။
People's Spring

No comments:
Post a Comment