မန္တလေး၊ ဩဂုတ် ၁၈
သြဂုတ် ၁ ရက်နေ့ နံနက် ၆နာရီ ဝန်းကျင်၌ အသက် ၄နှစ်အရွယ်သားငယ် အပါအဝင် မိသားစု ၃ ဦးလုံး အိပ်ယာထဲ၌ ရှိနေသေးသည်။ အမျိုးသားဖြစ်သူက အိပ်ယာနိုးနိုးချင်း ဖေ့ဘုတ်မှ နိုင်ငံရေးသတင်းတချို့ကို ရှာဖတ်နေသည်။ သိပ်မကြာခင် နောက်ဖေးသွားအုံးမည်ဟုဆိုကာ ထထွက်သွားသည်။
နောက်ဖေးသွားရန် အိမ်သာရေပုံးထဲ ရေထည့်နေစဥ် "သူခိုး၊သူခိုး"ဟုအော်ဟစ်ကာ ယူနီဖောင်းဝတ်လူတစ်စုက အိမ်ထဲဝင်ရောက်လာပြီး အမျိုးသားဖြစ်သူကို ဝိုင်း၍ ရိုက်နှက်သည်။ အိမ်ပေါ်ခေါ်လာကာ သေနတ်ဒင်များဖြင့် ရိုက် နှက်သည်။ မေးခွန်းတရစပ်မေးသည်။ မသိဘူးဟု ငြင်းနေသောအမျိုးသားကို မျက်နှာတစ်ခုလုံး အင်္ကျီဖြင့်စည်းကာ အိမ်စီးကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ရုပ်ရှင်ဆန်ဆန်ပြဇာတ်တစ်ခုလို အချိန်ခဏသာ ကြာလိုက်သော်လည်း ထိုနေ့သည် မိသားစုအတွက် အကျည်းတန်စရာ ဖြစ်နေခဲ့သည်။
အဆိုပါဖြစ်ရပ်သည် အခြားတော့ မဟုတ်ပါ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥယျာဥ်ကုန်းရပ်ကွက်တွင် မန္တလေးမြို့ပြပျောက်ကြားအဖွဲ့ Myanmar Return Ranger Force-MRRFခေါင်းဆောင် ဗိုလ်အောင်မြေကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
"နောက်ဆုံးအနေနဲ့ မျက်နှာလေးကြည့်ခွင့်ပေးပါဆိုတာတောင် မရခဲ့ပါဘူး။ အနားကပ်ရင် နင့်ကိုပါ ပစ်သတ်ပစ်မယ်လို့ သူတို့က ပြောတယ်"ဟု ဗိုလ်အောင်မြေ၏ဇနီးဖြစ်သူ မဖြူဖြူ( အမည်လွှဲ) က ပြောသည်။
ထိုနေ့က ဗိုလ်အောင်မြေအပါအဝင် ထိုနေရာအနီးအနား အရက်ဆိုင်မှ လူလတ်ပိုင်းတစ်ဦးနှင့် မီနီအိုးဝေ မောင်းနှင်သူတစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး ဖမ်းဆီးခံလိုက်ရသည်။
"ဘယ်သူပါသေးလဲလို့ သေနတ်တွေနဲ့ရိုက်ပြီး မေးတယ်။ သူက ဘယ်သူမှမပါဘူး။ ကျွန်တော်တစ်ယောက်တည်း လုပ်တယ်။ ကျွန်တော်လုပ်တာ။ မသိဘူး အဲဒါပဲဖြေသွားတာ။ နောက်ဆုံးမေးမရတော့ တစ်အိမ်လုံးလှန်ရှာပြီး ရိုက်နှက်သွားတာ"ဟု သူက ရှင်းပြသည်။
နေအိမ်လိုက်ပြသူတစ်ယောက်နှင့် အနီးအနား အရက်ဆိုင်မှ ၂ ဦးကို အရင်ဖမ်းလာကာ ဗိုလ်အောင်မြေတို့ခြံဝန်းကို ဝင်လာသည်။ အနီးအနားအိမ်များမှ လူငယ်များအားလုံးကို သေနတ်ဖြင့်ချိန်ကာ ဒူးထောက် ထိုင်ခိုင်းထားသည်။ ဗိုလ်အောင်မြေကို ဝိုင်းဖမ်းဆီးပြီး မေးမြန်း၍မရတော့မှသာ ကျန်သူများကိုပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။
“အတိအကျတော့ မသိရပေမယ့် အဖွဲ့ဝင်တစ်ယောက်က သစ္စာဖောက်တယ်ဆိုတာတော့ သိရတယ်။ တကယ်ဆိုရင် အဲဒီလို မလုပ်သင့်ပါဘူး။ ကိုယ်က ဒီအလုပ်လုပ်တယ်ဆိုကတည်းက ကိုယ့် အသက်သေမယ်ဆိုတာတော့ တွေးထားသင့်တယ် လေ"ဟု မဖြူဖြူက ထောက်ပြသည် ။
ဗိုလ်အောင်မြေ အဖမ်းခံရပြီးနောက် ခဏအတွင်း သတင်းပြန့်နှံ့ခဲ့သလို ရိုက်နှက်ဖမ်းဆီးစဉ်၌ မေးမြန်းသမျှကို ဗိုလ်အောင်မြေကသာ ခေါင်းခံခဲ့သောကြောင့်ဖြစ်မည်။ တခြားသူများလို အချိန်ကြာကြာ စစ်ဆေးခြင်းမရှိဘဲ ညနေပိုင်းမှာပင် မန္တလေးမြို့တနေရာတွင် ဗိုလ်အောင်မြေတို့ ၃ ဦး၏အလောင်းကို စွန့်ပစ်ထားကြောင်း စစ်အုပ်စုလော်ဘီများကတင်ခဲ့သည်။
အဆိုပါ ၃ ဦးသည် ဗိုလ်အောင်မြေနှင့်အတူ အဖမ်းခံရသည့် လူ ၂ ဦး၏အလောင်းဖြစ်ကြောင်း သူမက အတည် ပြုသည်။
"အလောင်းက သူတို့ဆိုတာ မှန်ပါတယ်။ သူတို့ဖမ်းသွားတုန်းက ဝတိထားတဲ့ အင်္ကျီကိုပဲ ပြန်ဝတ်ပေးထားတာပါ။ ကျန်တဲ့ ၂ယောက်ကလည်း သူနဲ့အတူတူ အဖမ်းခံရတဲ့အစ်ကိုတွေပါ။ နေတာတောင် နီးနီးလေးနေကြတာ။ ပြီးတော့အမှန်တကယ်က သူတို့က မစ်ရှင်တွေမှာမပါခဲ့ပါဘူး။ ပစ္စည်းယူစရာ၊ ပို့စရာရှိရင် ကူညီကြတဲ့သူတွေပါ"ဟု ဆိုသည်။
ပဲခူးနယ်သားဗိုလ်အောင်မြေသည် အသက်၃၀ ဝန်းကျင်ရှိပြီး ဇနီးဖြစ်သူ မဖြူဖြူက ၂၅နှစ်ကျော်အရွယ်ဖြစ်သည်။ အိမ်ထောင်ကျပြီး ဇနီးဖြစ်သူ မဖြူဖြူ၏ ဇာတိ မိတ္ထီလာတွင် နေထိုင်ခဲ့ပြီးနောက် သာမာန်အရောင်းအဝယ်မျိုးစုံ လုပ်ကာ အတူ ဘဝကို ရုန်းကန်ခဲ့ကြသည်။
မဖြူဖြူ က စျေးရောင်းပြီး အမျိုးသားဖြစ်သူ ဗိုလ်အောင်မြေက လက်ဖက်ရည်ဆိုင်၌ မုန့်ဆရာဆိုလည်းဖြစ်၊ ပန်းရံဆိုလည်းရ ကောင်းရောင်းကောင်းဝယ် အစုံလုပ်ခဲ့သည်။ အိမ်ထောင်သက် ၈နှစ်ပြည့်ခဲ့ပြီး ၄ နှစ်အရွယ် သားငယ်တစ်ဦးရှိသည်။
မိသားစုအတွက်ရုန်းကန်နေရချိန် အာဏာသိမ်းမှုဖြစ်လာသောအခါ ဗိုလ်အောင်မြေက မိတ္တီလာဆန္ဒပြသပိတ်များတွင် ပါဝင်ခဲ့သည်။ ထို့နောက် မိန်းမနှင့်သားကိုမပြောဘဲ ရုတ်တရက်ပျောက်သွားခဲ့ကြောင်း ဇနီးဖြစ်သူကပြောသည်။
"ပြန်ပြီး အဆက်အသွယ်ရတဲ့အချိန်ကျမှ သူသင်တန်းတက်နေမှန်းသိတာ။ ကျွန်မလည်း ချက်ချင်းသူ့နောက်လိုက်သွား ခဲ့တာ"ဟု မဖြူဖြူက ရှင်းပြသည်။
ယောင်္ကျားဖြစ်သူကို ချစ်သည့်စိတ်ဖြင့်သာ ဗိုလ်အောင်မြေလုပ်သမျှကို မတားဘဲ နောက်မှ လိုက်ဖို့သာ ဆုံးဖြတ်ခဲ့သည်ဟု ဆက်ပြောသည်။
သင်တန်းမှ ပြန်လာသောဗိုလ်အောင်မြေသည် မိတ္ထီလာနယ်တွင် အဆက်အသွယ်တချို့ဖြင့် UGလှုပ်ရှားမှုများကို ၂၀၂၁ အတွင်းက လှုပ်ရှားခဲ့သေးသည်။ စစ်တပ်နယ်မြေဖြစ်သောကြောင့် ၃ ကြိမ် ခန့်သာ လှုပ်ရှားနိုင်ခဲ့ပြီးနောက် မန္တလေးသို့ ရွေ့ပြောင်းခဲ့သည်။
"မန္တလေးရောက်တော့ အဆက်အသွယ်ပိုရလာတော့ ပိုပြီး လှုပ်ရှားဖြစ်တယ်။ ယုံကြည်ပြီး ပစ္စည်းပို့ပေးတဲ့သူတွေ လည်းရှိတော့ မစ်ရှင်တွေပိုလုပ်နိုင်တယ်။ အခု အတူဖမ်းခံရပြီး အတူတူအသတ်ခံလိုက်ရတဲ့ အစ်ကို ၂ ယောက် ကလည်း လက်နက်အသယ်အပို့ လုပ်ပေးရတဲ့သူတွေပဲ "ဟု မဖြူဖြူက ပြော သည်။
ဗိုလ်အောင်မြေတို့ ငှါးရမ်းနေထိုင်သည့်နေရာသည် အမှတ် ၄ ရဲစခန်းအနီးတွင် တည်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ညီမတော်စပ်သူပိုင်ဆိုင်သည်၊ ထို့ပြင် အဆိုပါဥယျာဉ်ကုန်းရပ်ကွက်သည် စစ်အုပ်စုက မကြာခဏပိတ်ဆို့စစ်ဆေးကာ ဧည့်စာရင်းစစ်လေ့ရှိသည့် နေရာဖြစ်သည်။
ခြံဝန်းကျယ်တစ်ခုတွင် အိမ်ငှားထားရန် အဆောက်အဦငယ်များ ဆောက်လုပ်ထားပြီး အိမ်အဆောင်အလိုက် ငှါးရမ်း သည့် နေရာဖြစ်သည်။
"ရန်သူနဲ့အနီးဆုံးနေရာက အန္တရာယ်အကင်းဆုံးဆိုပြီး ငှါးနေခဲ့ကြတာ"ဟု မဖြူဖြူက ပြောသည်။
အမှန်တကယ်လည်း ဗိုလ်အောင်မြေတို့မိသားစုနှင့် အဖွဲ့သားတချို့သည် စစ်အုပ်စု၏ ပိတ်ဆို့စစ်ဆေးမှုများမှ လွတ်ခဲ့သည်။
တကြိမ်၌ ဗိုလ်အောင်မြေနှင့်အတူ အသတ်ခံခဲ့ရသူသည် လက်နက်သယ်ဆောင်လာစဥ် ဆိုင်ကယ်ကို စစ်အုပ်စုက တားဆီးသည်။ ရပ်ပေးပါကလည်း သေချာပေါက်အဖမ်းခံရတော့မည်။ ထွက်ပြေးပါကလည်း ပစ်သတ်နိုင်ခြေများ သဖြင့် အတော်အကျပ်ရိုက်ခဲ့သည်ဟု သိရသည်။
နောက်ဆုံးတွင် စွန့်စားကာ ရပ်မလိုလုပ်၍ မောင်းပြေးခဲ့သည်။ သိပ်မကြာ စစ်အုပ်စုအရပ်ဝတ်များလည်း နောက်ကလိုက်သည်။ ဆိုင်ကယ်များ ဗွက်ထဲကျွံပြီး နောက်ဆုံး လမ်းလျှောက်ပြေးကာ ၎င်းတို့လွတ်မြောက်ခဲ့သည်။
အမျိုးသားဖြစ်သူအဖမ်းခံရပြီးနောက် မေးမြန်းရိုက်နှက်၍ ဗိုလ်အောင်မြေ ဆက်လက်ငြင်းနေပါက ဇနီးနှင့်သား ဖြစ်သူတို့ဖြင့် ခြိမ်းခြောက်မည်ကို စိုးရိမ်၍ မဖြူဖြူက လွတ်မြောက်နယ်မြေတစ်ခုကို သားနှင့်အတူ ထွက်ခဲ့သည် ။
ဖခင်ဖြစ်သူ၏သေဆုံးနေပုံကို တွေ့ရသည့်သားက "သားဖေဖေကို လူဆိုးတွေ ဖမ်းသွားတယ်။ သူတို့က သား ဖေဖေကို သတ်ပစ်လိုက်ကြပြီ "ဟုသာရေရွတ်နေသည်ဟု သိရသည်။
ဗိုလ်အောင်မြေတော်လှန်ရေးစလုပ်ချိန်တွင် "သူဒီဟာကို စလုပ်ကတည်းက သူကသေရင်သေ၊ မသေရင် အဖမ်း ခံရမယ်။ ဘာဖြစ်ဖြစ် သူ့အတွက် လက်မထောင်ဂုဏ်ယူနေပေးပါ။ သားအတွက်အသက်ရှင်ပေးပါ"ဆိုသည့် စကားအတိုင်း ဆက်လက်ရပ်တည်နေခဲ့သည်ဟု မဖြူဖြူက ပြောသည်။
သို့သော် “ ဒါတွေကိုကျွန်မ လုံးဝမကျေနပ်ပါဘူး"ဟု သူမ ညည်းတွားသည်။
Lu Nge Khit

No comments:
Post a Comment