ဒီပဲယင်းကရွာတရွာမှာ စစ်ကောင်စီက ပြည်သူတဦးကို ဆိုင်ကယ်နဲ့အတူကြိုးတုတ်ပြီး မီးရှို့သတ်ခဲ့


ဒီပဲယင်း၊ ဩဂုတ် ၁၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာမှာ ပြည်သူတဦးကို ကြိုးတုတ်ပြီး မီးရှို့သတ်သွားတယ်လို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ဩဂုတ်လ ၁၁ ရက် မနေ့ကနေ့လည် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက ညောင်လှရွာထဲကိုစစ်ကြောင်းထိုးလာကာ၊ ၁၁ နာရီခွဲလောက်မှ ဓားစာခံဖမ်းလာတဲ့ တခြားရွာက ပြည်သူတဦးကို မီးရှို့သတ်ပြီး ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်ကို သံဇကာကွက်လိုဟာမျိုးနဲ့ တုတ်ပြီး ဆိုင်ကယ်ရော လူရောပေါင်းပြီး မီးရှို့ထားခဲ့တာ၊ အဲ့နား‌မှာ ဈေးဆိုင်တခုရှိတယ်၊ ဆိုင်ကဖိနပ်တွေရောယူပြီး မီးထဲထည့်ရှို့ထားတာ၊ ကျနော်တို့မှန်းတာတော့ အသက်ရှိနေတုန်း အရှို့ခံလိုက်ရတယ်လို့ထင်တယ်၊”လို့ သူကပြောပါတယ်။

သေဆုံးသူဟာ မရိုးကုန်းရွာကနေ စစ်ကြောင်းတောက်လျှောက် ဓားစာခံအဖြစ်ဖမ်းခေါ်ခံလာရတဲ့ ရွာသားတဦးလို့ ကနဦးသိရပြီး အသေးစိတ်ကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့ ‌ဆိုပါတယ်။

“တရွာကို ၅ယောက် ၆ယောက်လောက် ဓားစာခံဖမ်းခေါ်လာတယ်၊ သူတို့အထုတ်တွေထမ်းခိုင်းတယ်၊ သူတို့အဝတ်တွေကိုဝတ်ခိုင်းတယ်၊ သူတို့ဟန်ဆောင်ခိုင်းတာပေါ့၊” လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ဓားစာခံတဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ယူနီဖောင်းလဲဝတ်ခံထားရတဲ့ ရွာသားတွေအပါအဝင် အင်အား ၁၅၀ ခန့်ရှိပြီး၊  လက်ရှိမှာ ဓားစာခံတွေကိုပြန်မလွှတ်ပေးဘဲ ရေဦးမြို့ကို ထွက်ခွာသွားတယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ဒီပဲယင်းကရွာတရွာမှာ စစ်ကောင်စီက ပြည်သူတဦးကို ဆိုင်ကယ်နဲ့အတူကြိုးတုတ်ပြီး မီးရှို့သတ်ခဲ့ ဒီပဲယင်းကရွာတရွာမှာ စစ်ကောင်စီက ပြည်သူတဦးကို ဆိုင်ကယ်နဲ့အတူကြိုးတုတ်ပြီး မီးရှို့သတ်ခဲ့ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.